ရွှေ့လျား စာကြည့်တိုက် နေပြည်တော် မှာ ဒေါ်အောင်ဆန်းစုကြည် ဖွင့်လှစ်
2014.03.14

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့မိခင် ဒေါ်ခင်ကြည် အမည်နဲ့ တည်ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းရဲ့ ဒုတိယမြောက် ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲ အခမ်းအနားကို ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
ဒီနေ့ ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်ပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက ကလေးတွေဟာ စာပေမြတ်နိုးတယ်ဆိုတာ ကို တွေ့ရှိရကြောင်း အခုလို ပြောခဲ့ပါတယ်။
“ တစ်ချို့က ကျွန်မတို့နိုင်ငံက ကလေးတွေဟာ စာဖတ်လိုတဲ့စိတ်တွေများ အားနည်းနေသလား ဆိုပြီး ထင်ကြပါတယ်၊ တကယ်တော့ အဲလို မဟုတ်ပါဘူး၊ ကျွန်မရဲ့ မဲဆန္ဒနယ်မြေ ကော့မှူး မြို့နယ်မှာ ရွေ့လျားစာကြည့်တိုက် ဖွင့်လှစ်လိုက် ပြီးကတည်းက တွေ့ရှိရတာက ကလေးတွေ စာဖတ်လိုစိတ် အားကြီးတယ်ဆိုတာပါပဲ၊ အရင်က သူတို့မှာ စာအုပ်တွေကို လက်လှမ်းမမီခဲ့တာကြောင့်သာ စာအုပ်တွေနဲ့ အလှမ်းဝေးနေခဲ့တာပါ “
နေပြည်တော်မှာဖွင့်လှစ်တဲ့ ရွေ့လျားစာကြည့်တိုက်ယာဉ်ကို ဂျပန်ုနိင်ငံ Mazada Motor Corporation က ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းကနေတစ်ဆင့် လှူဒါန်းတာပါ။
ဒီရွေ့လျားစာကြည့်တိုက်ဟာ နေပြည်တော် ပုပ္ပသီရိမြို့နယ်၊ ကျေးရွာပေါင်း ၂၀ကျော်က ကျောင်းသား ကျောင်းသူ တစ်သောင်းနှစ်ထောင်ကျော်ကို အသင်းဝင်ကြေးအခမဲ့နဲ့ စာအုပ်ငှားရမ်းသွားမှာဖြစ်ပါတယ်။ ကော့မှူးမြို့နယ်က ရွေ့လျားစာကြည့်တိုက်ကို ပြီးခဲ့တဲ့နှစ်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကော့မှူးမြို့နယ်က ကျေးရွာအတော်များများမှာ စာအုပ်တွေကို အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်ပြီလို့ သိရပါတယ်။
ရွေ့လျားစာကြည့်တိုက်ကို ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းက ဦးစီးပြီးစောင့်ရှောက်မှာဖြစ်သလို ဂျပန်ုနိုင်ငံဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ ကူညီနေတဲ့အတွက် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ထည့်သွင်းပြောခဲ့ပါတယ်။
ဒေါ်ခင်ကြည်ဖေါင်ဒေးရှင်းဟာ ချင်းပြည်နယ်မှာ ကျန်းမာရေးနဲ့ ပညာရေးရန်ပုံငွေအတွက် အလှူရှင်တွေနဲ့ပူးပေါင်းပြီး ငွေကျပ်သိန်း ၂၅၀ လှူဒါန်းမယ်လို့လည်း သိရပါတယ်။