ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့ကို ထောင်ဒဏ် ၁ နှစ်စီ ချမှတ်


2018.09.11
naungnaung-dawlaylay-622.jpg ကိုနောင်နောင် နဲ့ ဒေါ်စန်းစန်းဦး(ခေါ်) ဒေါ်လေးလေး ကို ၂၀၁၈ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ဝန်းရံထောက်ခံခဲ့တဲ့ ဒေါ်စန်းစန်းဦး(ခေါ်) ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့ကို ဆူပူအောင်ဖန်တီးစေမှု ပုဒ်မ ၁၅၃နဲ့ ထောင်ဒဏ် ၆ လ၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ကို ထောင်ဒဏ် ၁ နှစ် တပေါင်းတည်းကျခံစေဖို့ ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက ဒီနေ့ အပြီးသတ်အမိန့်ချခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကို တည့်မတ်ဖို့ လိုအပ်နေတဲ့အကြောင်း ဒေါ်လေးလေးက ဒီနေ့ရုံးထုတ်မှာ အခုလို ပြောခဲ့ပါတယ်။

"ကျမတို့တရားရေးမဏ္ဍိုုင် တည့်မတ်အောင် အသစ်တည်ဆောက်ကြပါစို့၊ မီဒီယာသမားတွေ မတရားဖမ်းဆီးခံရ တာလည်း ကျမတို့ လုံးဝလက်မခံပါဘူး၊ မတရားလုပ်နေတဲ့ တရားရေးမဏ္ဍိုင် ပျက်သုဉ်းပါစေ၊ အခုဝလုံးနဲ့ ကျော်စိုးဦးတို့တွေ အဖမ်းခံရတယ်၊ ပြည်ထဲရေးကနေပြီးတော့ ဒုတိယရဲမှူးကြီး ကိုယ်တိုင်လာပြီးတော့ သက်သေထွက်ပေးတာတောင်မှ မျက်ကွယ်ပြုပြီးတော့ ၇ နှစ်ချတယ်ဆိုတာ ကျမတို့လို ၅၀၅၊ ၁၅၃ လောက် ကတော့ မပြောပလောက်ပါဘူး"

စစ်အာဏာရှင် အလိုကျ ရေးစွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖျက်သိမ်းပေးဖို့၊ သတင်းမီဒီယာတွေကို မတရား ဖမ်းဆီးတာတွေကို အလိုမရှိကြောင်း၊ တရားရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်ဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ဌာနဆိုင်ရာတွေရဲ့ အဂတိလိုက်စားမှုတွေကို ထိရောက်စွာ အရေးယူပေးဖို့၊ လွှတ်တော်ထဲက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အမြန်ဆုံးသွားထွက်ဖို့၊ တပ်မတော်မှာ အထက်အရာရှိက လက်အောက် ငယ်သားတွေကို ဖိနှိပ်စေခိုင်းနေတာတွေကို ရပ်တန့်ပေးဖို့ စတဲ့အချက်တွေကို ဒေါ်လေးလေးနဲ့ ကိုနောင်နောင်တို့က ဒီနေ့ ရုံးထုတ်မှာ တောင်းဆိုသွားပါတယ်။

ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုနောင်နောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ပြည်သူတွေရဲ့ ရပိုင်ခွင့်တွေ ဆုံးရှုံးနစ်နာနေရတာ ဖြစ်တယ်လို့ ဒီနေ့ ရုံးထုတ်မှာ ပြောသွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့ကို တရားစွဲဆိုဖမ်းဆီးထားတာဟာ ၉ လနီးပါးကြာမြင့်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ရုံးထုတ်စစ်ဆေးတဲ့နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတာကြောင့် ကိုနောင်နောင်နဲ့ ဒေါ်လေးလေး တို့ကို ဒီနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

သူတို့နဲ့အတူ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကလေးစစ်သားဟောင် ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ကိုဇော်ကြီး၊ မခင်ချိုနိုင်၊ မသန်းသန်းထွေး တို့ကိုလည်း အမှုတွဲအဖြစ် ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။