ကလေးစစ်သားဟောင်းကို ဝန်းရံခဲ့တဲ့ ဒေါ်လေးလေးနဲ့ ကိုနောင်နောင်တို့ကို စွဲချက်တင်
2018.08.16

ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ဝန်းရံထောက်ခံခဲ့တဲ့ ဒေါ်စန်းစန်းဦး(ခေါ်) ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့ကို ဆူပူအောင်ဖန်တီးစေမှု ပုဒ်မ ၁၅၃ ၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)တို့နဲ့ စွဲချက်တင်သင့်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးက ဒီကနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
ဒေါ်စန်းစန်း(ခေါ်) ဒေါ်လေးလေးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေရတာဖြစ်တယ်လို့ ပြောသွားကြောင်း ဒေါ်လေးလေးတို့ ရုံးထုတ်ကို သွားရောက် ဝန်းရံခဲ့တဲ့ အဓမ္မဝါဒီ ဆန့်ကျင်ရေး ဥက္ကဋ္ဌ ကိုမြတ်ကျော်က ပြောပါတယ်။
"စွဲချက်တင်တဲ့အချိန်မှာ ဒေါ်လေးလေးတို့ကို မေးတယ်ပေါ့လေ၊ ကိုနောင်နောင်ရယ် ဒေါ်လေးလေး ရယ်ကိုမေးတယ် အပြစ်ရှိပါသလားပေါ့၊ မရှိပါဘူးပေါ့၊ ဘာကြောင့်အပြစ်မရှိဘူးဆိုတဲ့ အကြောင်း အရာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၈ ပုဒ်မ ၃၅၄ (က)အရ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ပြောဆိုခြင်းသာဖြစ်တယ်ပေါ့၊ ဒါ့ကြောင့် လုံးဝအပြစ်မရှိဘူးဆိုတဲ့ဟာမျိုး အစ်ကိုတို့ ကြားသိခဲ့ရပါတယ်၊ တရားစီရင်ရေးက ချီးပေနေတယ်လို့တော့ ဒေါ်လေးလေးက ကြွေးကြော် သွားတာတွေ့ရတယ်၊ နောက်တစ်ချက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် နိုင်ငံသားတွေ ဥပဒေအခွင့်အရေးကို မရရှိဘူး၊ ဒါမျိုးတွေပြောသွားတယ်၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြရ မယ် ပြောသွားတာမျိုးရှိတယ်၊ အဓိကကတော့ မြန်မာ့တရားစီရင်ရေးဟာ ချီးပေနေတယ် လို့ ဒေါ်လေးလေးက လူသိရှင်ကြား ပြောဆိုသွားတာမျိုး ရှိတယ်ပေါ့နော်"
ဒေါ်လေးလေးနဲ့ ကိုနောင်နောင်တို့ရဲ့ ရှေ့နေက အာမခံလျှောက်ထားခဲ့ပေမယ့် အစိုးရဥပဒေအရာရှိက သူ့တို့နှစ်ဦးဟာ ပြည်သူလူထုအတွက် အနှောင့်အယှက်ပေးခဲ့တာတွေရှိကြောင်း၊ ရုန်းရင်းဆန်ခတ် အမှုတွေကို ကျူးလွန်ခဲ့သူတွေဖြစ်ကြောင်း၊ ဒါကြောင့် အာမခံပေးဖို့ မသင့်ကြောင်း ကန့်ကွက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေး ကို ရုံးထုတ်စစ်ဆေးတဲ့နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲ ဦးဆောင်သူတွေဖြစ်တဲ့ ကိုနောင်နောင်နဲ့ ဒေါ်လေးလေး တို့ကို ဒီနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
သူတို့နဲ့အတူ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ ကလေးစစ်သားဟောင် ကိုအောင်ကိုထွေးရဲ့ အစ်မဖြစ်သူ မနေဇာထွန်းနဲ့ ကိုဇော်ကြီး၊ မခင်ချိုနိုင်၊ မသန်းသန်းထွေး တို့ကိုလည်း အမှုတွဲအဖြစ် ဖမ်းဝရမ်းထုတ်ထားတယ်လို့ သိရပါတယ်။
လာမယ့် သြဂုတ်လ ၂၁ ရက်နေ့မှာ စွပ်စွဲခံရသူ ဒေါ်လေးလေးနဲ့ ကိုနောင်နောင် တို့အမှုကို စတင်စစ်ဆေးသွားမှာ ဖြစ်ပါတယ်။