ဒီးမော့ဆိုတိုက်ပွဲ နှစ်ဖက်ထိခိုက်ကျဆုံးမှုများ
2023.05.25

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် တနီးလာလဲကျေးရွာကနေ ဒေါလျားခူးကျေးရွာဘက် ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးပူးပေါင်း အဖွဲ့တွေကြား ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ ကနေ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ ပြီး နှစ်ဖက်တပ်ဖွဲ့ဝင်တွေကြား ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ပြောပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရဲ့ (ခမရ-၄၂၅ ) ၊ (ခမရ-၅၁၇)၊ (ခလရ-၂၈၇) တပ်ရင်းတွေ က စစ်ကြောင်း အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာခဲ့တဲ့အတွက် ကရင်နီတပ်မတော် (KA)၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ စစ်ဗျူဟာအမှတ် (၆)၊ အမှတ်(၄) နဲ့ မဟာမိတ်တွေတပ်ဖွဲ့တွေဖြစ်တဲ့ KNDF-ETD၊ KNDF-UAV နဲ့ လွိုင်ကော် (PDF) တပ်ဖွဲ့တွေပူးပေါင်းပြီး တန်ပြန် ထိုးစစ်ဆင်ခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်ခဲ့တာလို့ KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကျွန်တော်တို့က တန်ပြန်တိုက်ခိုက်တဲ့ အခြေအနေပေါ့နော်။ မနေ့က နောက်ဆုံးအချိန်အထိ တိုက်ပွဲကဖြစ်နေတုန်းပဲပေါ့နော်။ သူတို့အခုဆိုရင် တနီးလာလဲဘက်ကို ပြန်ဆုတ်သွားတယ်။ တိုက်ပွဲမှာ စစ်ကောင်စီဘက် က အရာရှိသုံးယောက်အပါအဝင် အကျဆုံးများတယ်။ ကျွန်တော်တို့ ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေဘက်ကလည်း ကျဆုံးမှုရှိခဲ့ပါတယ်”
၁၀ ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦး၊ ဗိုလ်အဆင့်ရှိသူနှစ်ဦးအပါ အဝင် ၄၀ ဝန်းကျင် သေဆုံးခဲ့ပြီး စစ်သုံ့ပန်းနှစ်ဦးကို ဖမ်းမိးခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ခဲယမ်းမျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ဘက်က ပြောပါတယ်။
ကရင်နီကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေဘက်ကတော့ ရှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၆၀ လောက်အထိ ပြုလုပ် ခဲ့ပြီး လက်နက်ကြီးတွေကိုပါ အဓိကသုံး တိုက်ခိုက်ခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။
KNDF တပ်ဖွဲ့ကထုတ်ပြန်တဲ့ စစ်ကောင်စီတပ်ဖွဲ့ သေဆုံးမှုစာရင်းနဲ့ ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း ဒီကိစ္စအပေါ် သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာမှာလည်း ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။
ရှမ်း ကယားနယ်စပ် ပင်လောင်းနဲ့ ဖယ်ခုံမြို့နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ကရင်နီ ကာကွယ်ရေး တပ်ဖွဲ့တွေကြား နှစ်လကျော်ကြာတဲ့အထိ တိုက်ပွဲဆက်လက် ပြင်းထန်နေတယ်လို့ ပအိုဝ့်အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (ခမ်းကောင်) ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။