ဒီပဲယင်းအရေးအခင်း ၁၂ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနား ကျင်းပ
2015.05.30

၂ဝဝ၃ ခုနှစ်က မသမာသူတွေက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ကြိုးစားခဲ့တဲ့ ဒီပဲယင်းအရေးအခင်း ၁၂ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နဲ့ ဒီပဲယင်းမြို့ကြားက ကျည်ရွာမှာ ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပါတယ်။
ဒီပဲယင်းအရေးအခင်းမှာ အကြမ်းဖက်ခံရပြီး သေဆုံးသွားသူတွေအတွက် အလှူဒါနပြုလုပ်တာဖြစ်တယ်လို့ မုံရွာမြို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုရာဇာက ပြောပါတယ်။
"ဒီပဲယင်းခရီးစဉ်မှာ အကြောင်းမဲ့လုပ်ကြံခံခဲ့ရလို့ ကျဆုံးသွားတဲ့ပုဂ္ဂိုလ်တွေကို ကျနော်တို့ကရည်စူး ပြီးတော့ ကောင်းမှုကုသိုလ်တွေလုပ်တဲ့ပွဲပေါ့ဗျာ၊ လူပရိတ်သက်ကို ကျနော်တို့ ထမင်းနဲ့ ဧည့်ခံကျွေးမွေးတယ်ဗျ၊ တက်ရောက်လာတဲ့ ပုဂ္ဂိုလ်တွေရဲ့ကျနော်တို့ နိုင်ငံရေးအကျဉ်းသားဟောင်းအဖွဲ့ချုပ်ရယ် ပြည်သူရယ် ပူးပေါင်း ပြီးတော့ ကဗျာရွက်ပွဲလေးပေါ့ဗျာ သတိတရ အမှတ်တရစကားလေး ပြောခဲ့သေးတယ်"
၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးကနေ မုံရွာတလျှောက် ခရီးထွက်စဉ် ကျည်ရွာအရောက်မှာ နှစ်ထောင်နီးပါးလောက်ရှိမယ့် လူအုပ်စုက အကြမ်းဖက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ စုစုပေါင်း ၇ဝ လောက်သေဆုံးခဲ့တယ်လို့ ဒီပဲယင်းအရေး မှာ တိုက်ခိုက်ခံရသူတွေက ခန့်မှန်းပြောကြပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို အကူအညီပေး ခဲ့တဲ့ ကျည်ရွာသူ ရွာသားတွေကို ကျေးဇူးတင်စကားပြောခဲ့ပါတယ်။
ကျည်ရွာက ဒီပဲယင်း အရေးအခင်း နှစ်ပတ်လည်အခမ်းအနားတွေကို အခင်းဖြစ်ပွားရာမှာ ပါဝင်ခဲ့ကြတဲ့ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်းက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ကြပါတယ်။
အဲ့ဒီတုန်းက ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ်ကနေ လွတ်မြောက်ဖို့ စွန့်စားပြီး ဖေါက်ထွက်ခဲ့ သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကားမောင်းသူ ကိုကျော်စိုးလင်းကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။