ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး မဖြစ်မနေ လိုအပ်ကြောင်း အမေရိကန် ကိုယ်စားလှယ်ပြောကြား

ဒီမိုကရေစီရေး၊ လူ့အခွင့်ရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးတယ်လို့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

2011.09.14
derek-mitchell-press-rangoon-305 အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်ရဲ့ ၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ရန်ကုန်လေဆိပ်မှာ စက်တင်ဘာလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကဏ္ဍတွေမှာ တိုးတက်မှုရှိဖို့ ကိစ္စဟာ အမေရိကန် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေးမှာ မဖြစ်မနေ အရေးကြီးကြောင်း ပြောကြားသွားသည်။
AFP

အကယ်၍ မြန်မာအစိုးရ အနေနဲ့ အမှန်တကယ် လက်တွေ့ပြနိုင်လောက်အောင် အရေးယူ ဆောင်ရွက်မယ်ဆိုရင် အမေရိကန် ပြည်ထောင်စု ကလည်း အလားတူ တုံ့ပြန်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

၅ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်ကို အဆုံးသတ်ပြီး ရန်ကုန်လေဆိပ်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ ဒဲရက် မစ်ချယ်လ်က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပြုပြင် ပြောင်းလဲရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ အတွက် အစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အတွင်းမှာ ယုံကြည်မှု မရှိသေးတဲ့ အကြောင်း၊ ဒီလို မယုံမကြည် ဖြစ်နေတာတွေဟာ မှားယွင်းကြောင်း မြန်မာအစိုးရ အာဏာပိုင်တွေ အနေနဲ့ သက်သေပြဖို့ တိုက်တွန်းကြောင်း မစ္စတာ မစ်ချယ်လ်က ပြောသွားပါတယ်။

ရန်ကုန်လေဆိပ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ မစ္စတာမစ်ချဲယ်လ်က ခရီးစဉ် အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တွေ၊ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့သလို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အချက်တွေ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အနာဂတ်နဲ့ အမေရိကန်အစိုးရရဲ့ ချဉ်းကပ်မှုတွေ အကြောင်း ဆွေးနွေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ ပြည်သူတွေ၊ ဗမာနဲ့ တိုင်းရင်းသားတွေ အတွက် လေးလေးနက်နက် အရေးပါသူ ဖြစ်ကြောင်း၊ ယုံကြည် ကိုးစား လောက်တဲ့ ပြုပြင် ပြောင်းလဲရေး အတွက် လုပ်ဆောင်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ အရေးကြီးတာ ကိုလည်း တွေ့ခဲ့ရကြောင်း ပြောကြားပါတယ်။

ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက် တဦးရဲ့ အမေးကို ဖြေကြားရာမှာ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ပေမယ့် သူတို့ကို လွှတ်ပေးရေး အတွက် အစိုးရဆီက အာမခံချက် မရခဲ့ဘူးလို့ အမေရိကန် အထူး ကိုယ်စားလှယ်က ဖြေကြားခဲ့ပါတယ်။

အမေရိကန် အထူး ကိုယ်စားလှယ်ရဲ့ သတင်းစာ ရှင်းလင်းပွဲနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စုစည်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

အမေရိကန် အထူးကိုယ်စားလှယ်ရဲ့ ရန်ကုန်လေဆိပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားချက်တွေအပေါ် ပြည်ပအခြေစိုက် နိုင်ငံရေး ခေါင်းဆောင်တွေရဲ့ တုံ့ပြန်ချက်တွေကို ဒေါ်ခင်ခင်အိက စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။