နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးငယ် ငါးသိန်းနှစ်သောင်းအထိ ရှိလာ

2022.11.01
နိုင်ငံတစ်ဝန်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ကလေးငယ် ငါးသိန်းနှစ်သောင်းအထိ ရှိလာ တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် မြန်မာဒုက္ခသည်မိသားစုကို ၂ဝ၂၁ ခုနှစ် ဒီဇင်ဘာ ၁၉ရက်နေ့က တွေ့ရစဉ်။
Photo : Reuters

မြန်မာနိုင်ငံတစ်ဝန်း ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၁ ဒသမ ၄ သန်း ကျော်ရှိနေပြီး အဲဒီထဲမှာ ကလေးငယ် ငါးသိန်း နှစ်သောင်း ပါဝင်တယ်လို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တခုဖြစ်တဲ့ Save the Children က နိုဝင်ဘာ ၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြောလိုက်ပါတယ်။

၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ဖြစ်ပွားတဲ့ နောက်ဆက်တွဲအကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရသူက ၁ ဒသမ ၁ သန်းရှိပြီး အဲဒီအထဲမှာတော့ ကလေးငယ် ၄ သိန်း ၇ ထောင်ကျော်ပါဝင်ပါတယ်။

Save the Children ရဲ့ အာရှရေးရာညွှန်ကြားရေးမှူး Oliver Franchi က “လူတွေက သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာဖို့ အလွယ်တကူ မဆုံးဖြတ်ကြပါဘူး။ အခုလိုအိုးအိမ်စွန့်ခွာတဲ့ကလေး ငယ်အရေအတွက် အရှိန်အဟုန်နဲ့တိုးလာတာဟာ သူတို့ရဲ့နေ့စဉ်ဘဝမှာ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရလို့သာ ဖြစ်တယ်။ နိုင်ငံရေးအကျပ်အတည်းနဲ့ အကြမ်းဖက်မှုတွေ စတင်ခဲ့တဲ့ တစ်နှစ်အတွင်း ကလေးငယ် တစ်သိန်းခွဲ ရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်။ နောက်တစ်နှစ်တောင်မရှိသေးဘဲ အိုးအိမ်စွန့်ပြီး ထွက်ပြေးနေရသူ နောက်ထပ် သန်းတစ်ဝက် ရှိလာတယ်။ ဒီကိန်းဂဏန်းတွေက မြန်မာကလေးငယ်တွေကို မေ့မထားဖို့ ကမ္ဘာကြီး ကို သတိပေးလိုက်တာပဲ” လို့ ပြောပါတယ်။

ဆက်လက်ပြီး "မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းဖို့ နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံ ခေါင်းစဉ်တွေအစည်းအဝေးကနေ ခိုင်မာတဲ့ အစီအစဉ်တစ်ခု ချမှတ်ဆောင်ရွက်ရမှာဖြစ်တယ်။ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ရပ် ကျင်းပဖို့နဲ့ ကလေးသူငယ်အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက် အမြန်ဆုံး ချမှတ်ဆောင်ရွက်ဖို့ လိုအပ်နေပြီလို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီကိုလည်း တိုက်တွန်းပါတယ်။"လို့ သူက ပြောပါတယ်။

Save the Children ကထုတ်ပြန်တဲ့စာရင်းမှာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ငါးနှစ်ကျော်ကြာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေ မပါဝင်သေးပါဘူး။

အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူတွေဟာ တောထဲမှာ ယာယီအမိုးအကာတွေနဲ့သာ နေထိုင်ကြရပြီး စားနပ်ရိက္ခာ အခက်အခဲအပြင် ကျန်းမာရေး ချို့တဲ့မှုကို ရင်ဆိုင်နေရသလို လူကုန်ကူးမှုအန္တရာယ်နဲ့လည်း ကြုံတွေ့နေရတယ် လို့ Save the Children ရဲ့ သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်တပ်အာဏသိမ်းထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ကလေးသူငယ်တွေဟာ နေ့စဉ်နဲ့အမျှ အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်နေရးအသင်း AAPP ရဲ့ နိုဝင်ဘာ ၁ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံနဲ့တဝန်း သေဆုံးသူ ၂၄ဝဝ ကျော်ထဲမှာ ကလေး ၂၄၄ ယောက် ပါဝင်ပြီး ဖမ်းဆီးခံရသူ တစ်သောင်း ခြောက်ထောင်ကျော်ထဲမှာ အသက်မပြည့်သေးသူ ၄၆၅ ယောက် ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။