လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လူ သုံးသန်းခွဲ နေရပ်က ရွှေ့ပြောင်းရ
2025.01.04

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံမှာ လူ သုံးသန်းခွဲ နေရပ်က ရွှေ့ပြောင်းရပြီး လူသားချင်းစာနာရေး အခြေအနေက ပိုဆိုးဝါးလာနိုင်တယ်လို့ ကုလသမဂ္ဂက သောကြာနေ့က သတိပေးလိုက်ပါတယ်။
ဒီဦးရေဟာ မနှစ်ကထက် တစ်သန်းခွဲ ပိုများလာတယ်လို့လည်း ပြောပါတယ်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းချိန်ကစလို့ မြန်မာနိုင်ငံမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပေါင်းများစွာ တိုက်ပွဲဖြစ်ပွားတယ်လို့ ဖော်ပြပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့နဲ့ သဘာဝသယံဇာတ အကျိုးအမြတ်ကို ထိန်းချုပ်ဖို့ လွတ်လပ်ရေးရချိန်ကစပြီး စစ်တပ်နဲ့ တိုက်ပွဲဝင်နေကြတာပါ။
နိုင်ငံဒေသအများစုမှာ ပဋိပက္ခကျယ်ပြန့်သွားပြီး လုံခြုံရေးနဲ့ အခြေခံ လိုအပ်ချက်ပြည့်မီဖို့ လူတွေ နေအိမ်တွေကနေ ထွက်ပြေးရတာ စံချိန်တင်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
၂၀၂၄ ဒီဇင်ဘာ ၁၆ ရက်ထိ မြန်မာနိုင်ငံတစ်ဝန်းက လူ သုံးသန်းခွဲကျော် နေရပ်က ရွှေ့ပြောင်းရတယ်လို့ UNOCHA က ခန့်မှန်းပါတယ်။ ဒါဟာ စုစုပေါင်း လူဦးရေ ၅၇ သန်းရဲ့ ခြောက်ရာခိုင်နှုန်းကျော်ရှိပြီး ဒီထဲက သုံးပုံတစ်ပုံက ကလေးသူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၂၄ ဒီဇင်ဘာကုန်ခါနီးနေ့ရက်တွေမှာ လေကြောင်းက တိုက်ခိုက်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာ၊ အမြောက်နဲ့ ပစ်ခတ်တာ၊ ဝင်ရောက်စီးနင်းတိုက်ခိုက်တာတွေ အပါအဝင် တိုက်ပွဲတွေ ပြင်းထန်ပြီး တရားလက်လွတ် ဖမ်းဆီးတာတွေ ရှိတယ်လို့လည်း ပြောပါတယ်။