ပဲခူးတိုင်းက ဖယ်ရှားခံရတဲ့ ဒုက္ခသည်တွေကို DKBA စတင်ခေါ်ယူတော့မည်


2014.04.01
thameekalay-refugee-305.jpg သမီးလေးကျေးရွာ၊ ဒေါ်ကာလီကျေးရွာနဲ့ အင်းမတီးကျေး ရွာတွေက အိမ်ထောင်စု ၈၀ ဟာ DKBA ထိန်းချုပ်နယ်မြေ အတွင်းက ကျောက်ခက်ကျေးရွာကို ဧပြီလ ၁ ရက်နေ့က DKBA အဖွဲ့ရဲ့ အစီအစဉ်နဲ့ ပြောင်းရွှေ့စဉ်
Photo : Kyaw Zaw Win, Lar Wah Shee/RFA

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အလံနီကျေးရွာက အောင် သိဒ္ဓိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည် သုံးရာကျော်ကို ပြန်လည်နေရာချထားပေးဖို့အတွက် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA အဖွဲ့တွေဟာ ဒီနေ့ညနေပိုင်းက သမီးကလေးကျေးရွာ ကို ရောက်ရှိခဲ့ပါတယ်။

မနက်ဖြန် မနက်ပိုင်းမှာ လှည်းကူးမြို့နယ်ကနေ ထွက်ခွာမှာဖြစ်ပြီး အဲဒီအိမ်ထောင်စုတွေကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သောင်ရင်းချောင်း နယ်စပ်က ကျောက်ခတ်ရွာမှာ အိမ်ထောင်စုတစ်စု ကို ပေ၄၀၊ ပေ၆၀ မြေကွက်တစ်ကွက်စီ နေရာချ ထားပေးသွားမယ်လို့ သိရပါတယ်။

နယ်စပ်ဒေသမှာ စားဝတ်နေရေးအတွက် ဥယျာဉ်ခြံလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်တယ်လို့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA က ဗိုလ်မှူးကြီးဆန်းအောင်က ပြောပါတယ်။

"လုပ်ကိုင်စားသောက်ဖို့က အဲဒီအရပ်မှာဆိုရင် ပြောင်းခြံတို့ ပဲခြံတို့လေ၊ အဲမှာလုပ်စားပေါ့၊ နေ့စားလည်း လုပ်ပေါ့ဗျာ၊ နေ့စားလုပ်မယ်ဆိုရင် သူတို့ပဲခူးဒေသမှာလုပ်တာထက် သာတာပေါ့"

လှည်းကူးမြို့နယ် သမီးကလေးကျေးရွာမှာ နေထိုင်ခဲ့ကြသူတွေဟာ စစ်တပ်ပိုင်မြေမှာ ကျူးကျော်နေထိုင်သူတွေဖြစ် တယ်ဆိုပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က စစ်တပ်၊ ရဲနဲ့ မြို့နယ်အာဏာပိုင်တွေက ကျေးရွာကို ဖျက်ဆီးခဲ့ တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ၂၇ ရက်နေ့က လှည်းကူးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သမီးလေးကျေးရွာနဲ့ မိုင် ၂၀ လောက်ဝေးတဲ့ လှည်းကူးမြို့နယ် ဝါးယားကုန်းကျေးရွာမှာ နေရာချပေးဖို့ စီစဉ်ခဲ့ပေမဲ့ အဲဒီရွာမှာ နေထိုင်ရေးနဲ့ စားဝတ်ရေး အခက်အခဲရှိတာကြောင့် ဒုက္ခသည်တွေဟာ မူလနေထိုင်တဲ့ အောင်သိဒ္ဓိဘုန်းကြီးကျောင်းမှာ ပြန်လည်နေ ထိုင်နေခဲ့ကြတာပါ။

ဒုက္ခသည်တွေကို နေရာချထားပေးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တပ်မှူး ဗိုလ်မှူးကြီး စောဆန်းအောင်ကို RFA သတင်းထောက် မရတနာဦး ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။