ဟာသသရုပ်ဆောင် ကိုဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် အမေရိကန်မှာ ပြသ

မြန်မာနိုင်ငံကို ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း အတိုက်ခတ်ခံရပြီး နောက်ပိုင်း အကျဉ်းချခံနေရတဲ့ လူရွှင်တော် ဇာဂနာခေါ် ကိုသူရ အကြောင်း ရိုက်ကူးထားတဲ့ This prison where I live (ကျနော်နေတဲ့ ဒီအကျဉ်းထောင်) မှတ်တမ်းရုပ်ရှင်ကို မတ်လ ၃၀ ရက် မနေ့ညနေက အမေရိကန် ပြည်ထောင်စုမှာ ပထမဦးဆုံး အကြိမ် အနေနဲ့ ပြသနေပါတယ်။

2011.03.31
zarganar_film_poster_305_z.png ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers)
U.S. Premiere organizers

အမေရိကန်ပြည်ထောင်စု အရှေ့ဖက်ခြမ်း ဝါရှင်တန်ဒီစီမြို့တော်နဲ့ သိပ်မဝေးတဲ့ အာလင်တန်မြို့နယ်က လူ ၂၀၀ ဆန့် အနုပညာ ပြပွဲရုံတခုမှာ စီစဉ်ပြသနေကြောင်း ဒီရုပ်ရှင်ပွဲကို စီစဉ်သူ မြန်မာ့အရေး လှုပ်ရှားနေတဲ့ ကိုအောင်ကျော်ဦးက ပြောပါတယ်။

“ကျွန်တော်တို့ This prison where I live ဆိုတဲ့ ကိုဇာဂနာ့အကြောင်း ရိုက်ထားတဲ့ ရုပ်ရှင် documentary ကို ကျွန်တော်တို့ ဒီ U.S. မှာ ပထမဆုံးအကြိမ် premiere အနေနဲ့ ဒီပွဲကို လုပ်တာပါ။ ဒီရုပ်ရှင်ကို ရိုက်ပေးတဲ့ ဒါရိုက်တာကြီးနဲ့ ကျွန်တော် ဗန်ကောက်မှာ တွေ့တယ်လေ။ ဗန်ကောက်မှာ တွေ့ပြီးတော့ သူ ဒီ အမေရိကားကို လာလည်တယ်။ လာလည်ရင်းနဲ့ ကျွန်တော်နဲ့ စကားပြောဖြစ်ရင်းနဲ့ ဒီမှာ ဒီဟာလေး လုပ်ချင်တယ်လို့ ပြောတော့ သူကလည်း အိုကေပါတဲ့၊ လုပ်ပါဆိုလို့ အဲဒါ ကျွန်တော်တို့ လုပ်ဖြစ်တာပါ။ ကိုသူရ ဇနီးရယ်၊ နောက် သူ့သားရော၊ သမီးရော ပါလာပါတယ်။

ဒီရုပ်ရှင်ပြပွဲမှာ ရန်ကုန်မြို့ကိုသွားပြီး လူရွှင်တော် ဇာဂနာအကြောင်း မှတ်တမ်းရုပ်ရှင် ကိုယ်တိုင် ရိုက်ကူးခဲ့တဲ့ ဗြိတိသျှ လူမျိုး ဒါရိုက်တာ  Rex Bloomstein နဲ့အတူ လူရွှင်တော် ကိုဇာဂနာရဲ့ ဇနီးနဲ့ သားသမီး နှစ်ဦးတို့လည်း ကိုယ်တိုင် တက်ရောက်ပြီး လူရွှင်တော ်ဇာဂနာနဲ့ ပတ်သက်လို့ ပရိသတ် သိလိုသမျှကို ပြန်လည် ဖြေကြားမယ်လို့ သိရပါတယ်။

ရုပ်ရှင်ကြည့်ခ လက်မှတ်ကိုတော့ အမေရိကန် ၈ ဒေါ်လာ၊ ၁၀ ဒေါ်လာနဲ့ ၁၂ ဒေါ်လာ သတ်မှတ် ရောင်းချပြီး ဒီပွဲဖြစ်မြောက်အောင် A.I ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ၊ HRW ခေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့တို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။