လူ့ဘောင်သစ်ပါတီ ၂၅ နှစ်ပြည့် ငွေရတုပွဲကျင်းပ


2013.10.14
dpns-25-anniversary-305.jpg ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကစံ ဓမ္မပိယသာသနာ့ ရိပ်သာမှာ အောက်တိုဘာလ ၁၄ ရက်နေ့ကကျင်းပတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားကို တွေ့ရစဉ်
photo: RFA/ Thiha Tun

၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လွှတ်တော်အတွင်းမှာတင်မဟုတ်ဘဲ လွှတ်တော်ပြင်ပမှာပါ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေး ပွဲတစ်ရပ်ရှိဖို့ လိုအပ်ကြောင်း လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ ခေါင်းဆောင်တွေက ဒီနေ့ကျင်းပတဲ့ လူ့ဘောင်သစ်ပါတီ ငွေရတုအခမ်းအနား မှာ ပြောဆိုလိုက်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ် ကျိုက္ကစံ ဓမ္မပိယသာသနာ့ရိပ်သာမှာကျင်းပတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တည်ထောင်ခြင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနားမှာ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက  RFA ကို အခုလို ပြောကြားခဲ့တာပါ။

“ပြင်ပမှာရှိတဲ့ တိုင်းရင်းသားအင်အားစုတွေ၊ တခြားအင်အားစုတွေပေါ့နော်၊ အဲဒီအင်အားစုတွေအားလုံး ကိုယ်စားပြုပြီးတော့ ဆွေးနွေးနိုင်တဲ့နေရာ မဟုတ်ဘူး၊ လွှတ်တော်တစ်ခုလုံးဟာလည်းပဲ ကနေ့အခြေအနေမှာဆိုရင် ပြည်သူတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့လွှတ်တော်လို့ ပြောနိုင်တဲ့အဆင့်မဟုတ်သေးဘူးလို့ ကျနော်တို့ယုံကြည်တဲ့အချိန်ကျတော့ လွှတ်တော်ပြင်ပမှာရော၊ လွှတ်တော်ထဲမှာရော အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတစ်ခု ဖန်တီးနိုင်မှပြည့်စုံမှာပါ”

လူ့ဘောင်သစ ်ဒီမိုကရက်တစ်ပါတီဟာ တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်နိုင်ဖို့ ကြိုးပမ်းမှုတွေရှိနေသလို ၂ဝ၁၄ ခုနှစ်အတွင်းမှာ နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကို ခေါ်ယူကျင်းပသွားဖို့ ပြင်ဆင်နေတယ်လို့ ပါတီခေါင်းဆောင်တွေက ပြောပါတယ်။

ဒီလို ပါတီတည်ထောင်တဲ့ ၂၅ နှစ်ပြည့်အခမ်းအနားမှာ လူ့ဘောင်သစ်ပါတီဝင်ဟောင်းတွေ၊ ရဲဘော် ရဲဘက်ဟောင်းတွေနဲ့ပြန်လည် ဆုံဆည်းခွင့်ရတာ ရှေ့ဆက်လျှောက်လှမ်းရမယ့်ခရီးမှာ အင်အားသစ်တွေဖြစ်စေတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကလည်း အာအက်ဖ်အေကို ပြောဆိုပါတယ်။

ဒီပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ သဘာပတိ ဦးဝင်းတင်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်း

ခေါင်းဆောင်တွေ ၊ မျိုးဆက်သစ်ကျောင်းသားခေါင်းဆောင်တွေအပြင် စာရေးဆရာမ ဒေါ်ခင်ဆွေဦးစတဲ့ပုဂ္ဂိုလ်တွေတက်ရောက် ဂုဏ်ပြုစကားပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။