လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ပြန်လည်စုစည်းရေး ကော်မတီဖွဲ့စည်း
2012.07.02
ဒီပြန်လည်စုစည်းရေး ကော်မတီကို မကြာသေးမီကမှ အကျဉ်းထောင်က ပြန်လည် လွတ်မြောက်လာခဲ့တဲ့ ယခင် ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်ဟောင်း ကိုဇေယျက ဦးဆောင်ပါတယ်။
အနယ်နယ်အရပ်ရပ်မှာ ပြန့်ကျဲနေတဲ့ လူဘောင်သစ်ပါတီဝင်တွေကို ပြန်လည် စုစည်းနိုင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းရတာဖြစ်တယ်လို့ ဦးဆောင်ပါဝင်သူဖြစ်တဲ့ ကိုသီဟက ပြောပါတယ်။
"၁၉၉၀-၁၉၉၁ ကစပြီးတော့ အကြောင်းအမျိုးမျိုးကြောင့် ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ပြန့်ကျဲသွားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီရဲ့ အင်အားစုတွေကို ပြန်စုစည်းဖို့ ကြိုးစားသင့်တယ်ဆိုပြီးဖွဲ့တာ၊ အတိုင်းအတာ တစ်ခုအထိ စုစည်းမိပြီ ဆိုလို့ရှိရင် တဘက်ကလည်း နိုင်ငံရေး အခင်းအကျင်းက ပိုပြီးတော့ ပွင့်လင်းပြီးတော့ ဂုဏ်သိက္ခာ ရှိရှိ ရပ်တည်နိုင်တဲ့ အခြေအနေ ရှိတယ်လို့ ယူဆရင် အများသဘောဆန္ဒအရ ကျွန်တော်တို့ ပါတီတရပ်အဖြစ်နဲ့ ပြန်ရပ်တည်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားမယ်"
ကော်မတီမှာ မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အသီးသီးက ပါတီဝင်ဟောင်း ၂၀ ပါဝင်ဖွဲ့စည်းထားပါတယ်။ အခုလို ပြန်လည်စုစည်းပြီးနောက် လက်ရှိမြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ပြည်သူလူထု အကျိုးကို ဝိုင်းဝန်းဆောင်ရွက်နိုင်အောင် ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ ကော်မတီရဲ့ တာဝန်ခံ ကိုဇေယျက အခုလို ပြောပါတယ်။
"ဟုတ်ကဲ့၊ ကျွန်တော်တို့ အနေနဲ့ ဒီအမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို ပိုပြီး ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်ဖို့အတွက် ပထမ ဦးစားပေး ရည်ရွယ်ချက် အနေနဲ့ ကျွန်တော်တို့ ဒီလက်ရှိ စုစည်းရေး ကော်မတီကို ဖွဲ့စည်းခြင်း ဖြစ်ပါတယ်။ နိုင်ငံ့ရဲ့လက်ရှိ လိုအပ်ချက်တွေအရ အမျိုးသား ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို ပီပီပြင်ပြင် ဖော်ဆောင်နိုင်မယ်ဆိုရင် ကျန်တဲ့ နိုင်ငံရေး အင်အားစုတွေ အတွက်လည်း နိုင်ငံရေး အခွင့်အလမ်းတွေ ပိုမို ပွင့်လင်းလာပြီးတော့ နိုင်ငံရေး လုပ်ကိုင်ခွင့်တွေလည်း ပိုမို ပွင့်လန်းလာလိမ့်မယ်လို့ မျှော်လင့်တယ်"
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး လူငယ်နဲ့ ကျောင်းသားများ နိုင်ငံရေး ဆက်လက်လုပ်နိုင်ဖို့အတွက် ကိုမိုးသီးဇွန် အပါအဝင် ဗကသ ခေါင်းဆောင်တချို့က ဦးဆောင် ဖွဲ့စည်းခဲ့တဲ့ နိုင်ငံရေးပါတီ ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ်မှာ ကေအန်ယူနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်အစိုးရက ပါတီကို တရားဝင်ပါတီ အဖြစ်ကနေ ရပ်စဲခဲ့ပါတယ်။ အခုအခါ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဝင်တွေဟာ မြန်မာပြည်အနှံ့မှာတင်မက ထိုင်း မြန်မာနယ်စပ်နဲ့ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပျံ့န့ှံရောက်ရှိနေပါတယ်။