အဖမ်းခံရတဲ့ BPI စက်ရုံမှူးကို ဝန်ထမ်းများ ဝန်းရံ


2019.09.09
dr-aungzaw-court-622.jpg BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ရဲ့ ရုံးထုတ်မှာ စောင့်ဆိုင်းနေတဲ့ ဝန်ထမ်းတွေကို ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှာ ၂ဝ၁၉ စက်တင်ဘာ ၉ ရက်နေ့ တွေ့ရစဉ်
Photo: Aung Thain Kha/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူခံထားရတဲ့ ရန်ကုန်က BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော် ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးကို ရောက်လာရာမှာ စက်ရုံဝန်ထမ်း အများအပြား ရောက်လာပြီး အားပေးဝန်းရံခဲ့ကြပါတယ်။

ဝန်ထမ်းတွေက တရားရုံးကို ဆေးဝါးစက်ရုံ လုပ်ငန်းခွင်ဝတ်စုံနဲ့ ရောက်လာကြတာ ဖြစ်ပါတယ်။

စက်ရုံမှူးကို အခုလိုဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းနဲ့ပတ်သက်လို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ အမြင်အမျိုးမျိုး နဲ့ သဘောထားမှတ်ချက်တွေ ရေးသားနေကြပြီး ဒေါက်တာအောင်ဇော်ကို ဝန်းရံဖို့ BPI ဝန်ထမ်း အများအပြား တရားရုံးကိုရောက်လာတဲ့နောက် နာရီများမကြာမီမှာ  အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဖြေရှင်းချက် တစ်စောင်  ထုတ်ပြန်လိုက်ပါတယ်။

စက်ရုံမှူးအပေါ် ဝန်ထမ်းတွေရဲ့ ထောက်ခံချက်အများအပြားရှိတာကို လက်ခံစဉ်းစားပေးခဲ့ကြောင်း၊ ဒါပေမဲ့ တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခုရဲ့ အကျိုးစီးပွားနဲ့ အများပြည်သူ အကျိုးစီးပွားယှဉ်လာတဲ့အခါ အများအကျိုးကိုသာ ဦးစားပေး ကာကွယ်စောင့်ရှောက်ရမယ်လို့ ကော်မရှင်က ဆိုပါတယ်။

ဒီကိစ္စမှာ ဥပဒေနဲ့အညီ အရေးယူဖို့ ခိုင်လုံတဲ့ အထောက်အထားတွေ ပေါ်ပေါက်နေတဲ့အပြင် အများပြည်သူအတွက် အချိန်မီတားဆီးကာကွယ်ဖို့ လိုအပ်တယ်ဆိုတာကို ကော်မရှင်အစည်းအဝေးမှာ စဉ်းစားချင့်ချိန်ပြီး ဥပဒေအရ အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းလည်း ဖြေရှင်းထားပါတယ်။

ဒေါက်တာအောင်ဇော်ဟာ အင်းစိန်စက်ရုံနဲ့ ကျောက်ဆည်က အင်ရောင်းစက်ရုံအတွက် သွေးကြောသွင်းဆေးရည် ဘူးတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကော်စေ့နဲ့ စက်ပစ္စည်း ဝယ်ယူရာမှာ အဂတိလိုက်စားတာတွေရှိတယ်လို့ စွပ်စွဲ ခံနေရပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

စက်ရုံအတွက် ကော်စေ့ ၂၆ တန် ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းနဲ့မညီဘူးလို့လည်း စွပ်စွဲခံနေရပါတယ်။

သူ့ကို စက်တင်ဘာလ ၆ရက်နေ့ကတည်းက အင်းစိန်မြို့မရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတာပါ။

စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ၁၀ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ချမှတ်နိုင်ပါတယ်။

(RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။