BPI စက်ရုံမှူးကို အဂတိလိုက်စားမှု သံသယနဲ့ ထိန်းသိမ်း
2019.09.07
ရန်ကုန်က BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာ အောင်ဇော်ကို ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ အဂတိလိုက် စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အင်းစိန်မြို့မရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။
ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ဒေါက်တာ အောင်ဇော်ကို မြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်၊ ကော်မရှင်က စစ်ဆေးနေဆဲဖြစ်တယ်လို့ စခန်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီစက်ရုံမှူးဟာ အင်းစိန်စက်ရုံနဲ့ ကျောက်ဆည်က အင်ရောင်းစက်ရုံအတွက် သွေးကြောသွင်း ဆေးရည်ဘူးတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ ကော်စေ့တွေနဲ့ စက်ပစ္စည်းတွေဝယ်ယူရာမှာ အဂတိ လိုက်စားတာတွေရှိတယ်ဆိုပြီး တိုင်ကြားချက်ရှိတာကြောင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့တာလို့ ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက RFA ကို ပြောပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေအရ စက်ရုံမှူးဟာ ဆေးဝါးထုပ်ပိုးပစ္စည်းတွေအတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်း နဲ့မညီဘဲ ဝယ်ယူခဲ့တာ ပေါ်ပေါက်ခဲ့တာကြောင့် နိုင်ငံတော်ငွေကြေးနဲ့ ပစ္စည်း ဆုံးရှုံးခဲ့တယ်ဆိုပြီး မနေ့က အင်းစိန် မြို့မရဲစခန်းမှာ ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်ခဲ့တာလို့လည်း ဆက်ပြောပါတယ်။
ဆုံးရှုံးမှုတန်ဖိုး ဘယ်လောက်ရှိလဲ အတိအကျ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒီအရေးယူမှုဟာ ဇူလိုင် ၂၆ ရက်နေ့က နုတ်ထွက်ခဲ့တဲ့ စက်မှုဝန်ကြီး ဦးခင်မောင်ချိုနဲ့ ပတ်သက်မှု ရှိနိုင်တယ်လို့လည်း ဝေဖန်မှုတချို့ရှိပါတယ်။ သူဟာ လူနာတင်ယာဉ်တွေအတွက် လိုအပ်တာတွေ ဝယ်ယူတာ၊ BPI စက်ရုံအတွက် ဆေးဝါးကုန်ကြမ်း ဝယ်တာတွေမှာ တင်ဒါခေါ်ယူခြင်းမရှိ၊ လုပ်ထုံးလုပ်နည်းနဲ့မညီဘဲ ဝယ်ယူခဲ့တယ်၊ အဂတိလိုက် စားတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရှိခဲ့တယ်လို့ ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနဲ့ စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက အမည်မဖော်လိုတဲ့ ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ကုန်ကြမ်းတွေကို တင်ဒါမခေါ်ဘဲ ဝယ်ယူခဲ့တာ ကျပ်သိန်းပေါင်း တစ်သောင်းကျော်အထိ ရှိခဲ့တယ်လို့ ခန့်မှန်းပြော ဆိုမှုတချို့လည်း ရှိပါတယ်။
ဦးခင်မောင်ချိုနဲ့ပတ်သက်လို့ အဲဒီလို သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဇူလိုင် ၂၆ ရက်နေ့မှာ တာဝန်ကနေ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သမ္မတရုံးက ကြေညာခဲ့တာပါ။ ဦးခင်မောင်ချိုဟာ ရုံးပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လွဲမှားမှုကြောင့် တာဝန်ယူမှု တာဝန်ခံမှုအဖြစ် နုတ်ထွက်တာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ် ၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒီအရေးယူမှုဟာ ဦးခင်မောင်ချိုနဲ့ ပတ်သက်နိုင်သလားလို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်စိုးကို RFA က မေးမြန်းရာမှာတော့ တိုင်စာနဲ့ပတ်သက်လို့ ဘယ်သူ့မှာ အဓိကတာဝန်ရှိတယ်၊ ဘယ်သူတွေ ပါဝင်ပတ်သက်တယ်ဆိုတာ စုံစမ်းစစ်ဆေးခဲ့ပြီး၊ အဂတိ လိုက်စားမှု ကျူးလွန်ကြောင်း တေ့ွရှိရတဲ့ ပုဂ္ဂိုလ်ကိုသာ ကော်မရှင်က အရေးယူတာလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
အင်းစိန် BPI ဆေးဝါးစက်ရုံကို ၁၉၅၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး မြွေဆိပ်ဖြေဆေး၊ HIV နဲ့ အသည်းရောင်အသားဝါ ဘီပိုးကုသဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး စတဲ့ ဆေးရည်၊ ဆေးတောင့်၊ ဆေးပြား၊ ထိုးဆေး၊ သွေးကြော သွင်းဆေးရည် အမျိုးမျိုးတို့ကို ထုတ်လုပ်နေတာဖြစ်ပါတယ်။
ထုတ်ကုန်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အလုပ်သမား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ကို အဓိကဖြန့်ဖြူးရောင်းချပေးနေပြီး ပြည်တွင်း အရောင်းကိုယ်စားလှယ်တွေ၊ ပုဂ္ဂလိက ဆေးရုံတွေအပြင် ပြည်ပနိုင်ငံတချို့ကိုလည်း ရောင်းချနေတာပါ။ ကျောက်ဆည်မြို့နယ်မှာရှိတဲ့ အင်ရောင်း ဆေးဝါးစက်ရုံမှာတော့ သွေးကြောသွင်းဆေးရည်ဘူး ထုတ်လုပ်မယ့် စက်ရုံကို ဒီနှစ် ဧပြီလထဲမှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)