ရခိုင်အမျိုးသားပါတီကို ဥက္ကဌအဖြစ် ဒေါက်တာအေးမောင် ဆက်လက်ဦးဆောင်မည်
2015.11.12

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်မှာ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တဲ့ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ဟာ ပါတီဥက္ကဌနေရာမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီက ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ပါတီဥက္ကဌတစ်ဦးဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် ပါတီကနေနှုတ်ထွက်မှာမဟုတ်ဘဲ လက်ရှိနေရာမှာပဲ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ပါတီရဲ့ ဒုတိယဥက္ကဌ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
"ဥက္ကဌ နှုတ်ထွက်ရမယ်၊ အထွေထွေအတွင်းရေးမှူး နှုတ်ထွက်ရမယ်ဆိုတာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တာနဲ့ ဘာမှမဆိုင်ဘူး၊ ကျနော်တို့ပါတီမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုတာ ဘယ်သူမဆို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိတယ်၊ အဲ့လိုလွှတ်တော်ကိုယ်စားလှယ်လောင်းဟာ လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ ရှုံးနိမ့်စေကာမူ ပါတီကနှုတ်ထွက်စရာ လုံးဝမလိုပါဘူးလို့ ကျနော်တို့ အတိအလင်းပြောကြားလိုပါတယ်၊ ဥက္ကဌကလည်း ဥက္ကဌနေမှာရှိမယ်၊ အထွေထွေအတွင်းရေးမှူးကလည်း အထွေထွေအတွင်းရေးမှူးနေရာမှာ ဆက်လက်ပြီးရှိမှာပါ"
ပါတီဥက္ကဌ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဒေသခံတွေဘက်က ရခိုင်ပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ပဋိပက္ခအသွင်နဲ့ အမုန်းပွားအောင် ပြောဆိုရေးသားမှုတွေရှိနေတဲ့အပြင် ပါတီအပေါ်
ဂယက်ရိုက်မှုတွေ ရှိလာတာကြောင့် အခုလိုကြေညာချက် ထုတ်ပြန်တာဖြစ်တယ်လို့ ဦးခိုင်ပြည်စိုးက ပြောပါတယ်။
ဒေါက်တာအေးမောင်နဲ့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်တို့ ရွေးကောက်ပွဲရှုံးနိမ့်ခဲ့တာဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်က မဲဆန္ဒရှင်တွေနဲ့ သက်ဆိုင်မှုမရှိကြောင်းလည်းကြေညာချက်မှာ ပါရှိပါတယ်။
ရခိုင်အမျိုးသားပါတီဥက္ကဌ ဒေါက်တာအေးမောင်ဟာ ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။