ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲချက်တင်မည်
2018.09.10

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ စွဲချက်တင်ဖို့ စစ်တွေခရိုင် တရားရုံးကနေ ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
အကြောင်းခြင်းရာတစ်ခုတည်းအပေါ် ပုဒ်မ နှစ်ခုနဲ့ စွဲချက်တင်ဖို့ ဆုံးဖြတ်တာဟာ တရားရေးမဏ္ဍိုင် တိမ်းစောင်း နေတာကို ပြသလိုက်တာဖြစ်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင် က ပြောပါတယ်။
"ဒီနေ့ကတော့ စွဲချက် တင်သင့် မတင်သင့် ပဏာမ လျှောက်လဲချက်ကနေ အမိန့်ချတယ်ပေ့ါ၊ အဲဒီမှာ နိုင်ငံတော် ပုန်ကန်မှု ၁၂၂ နဲ့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) တို့ကို စွဲချက်တင်လိုက်တယ်။ ၁၇ (၁) နိုင်ငံတော် မတရားအသင်း ဆက်သွယ်တဲ့ပုဒ်မကိုတော့ သူတို့ ဖျက်ပေးလိုက်တယ်ဗျ။ စွဲချက်က တစ်ခုပဲတင်ရမှာကို နှစ်ခုတောင်တင်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ တရားရေးမဏ္ဍိုင်ဟာ မတည့်မတ်ဘူးဆိုတာကို ဒီနေ့ သက်သေပြတာကို တွေ့လိုက်ရတယ်"
ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းက ရသေ့တောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဟောပြောပွဲတစ်ခုနဲ့ ပတ်သက်ပြီး ဒေါက်တာ အေးမောင် နဲ့ ကိုဝေဟင်အောင် တို့ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ နိုင်ငံတော် ပုန်ကန်မှု၊ မတရားအသင်း ဆက်သွယ်မှုတွေနဲ့ အစိုးရက စစ်တွေခရိုင် တရားရုံးမှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
တရားလိုအပါအဝင် တရားလိုပြသက်သေတွေနဲ့ မူရင်းဟောပြောချက် အသံဖိုင်တွေကို စစ်ဆေးအပြီး တရားရုံးက အမှု နှစ်ခုနဲ့ စွဲချက်တင်ဖို့ ဒီနေ့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ကိုတော့ မခိုင်လုံလို့ဆိုပြီး တရားရုံးက ပယ်ဖျက်ခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။
စွဲချက်တင်ဖို့ ဆုံးဖြတ်တဲ့ အမှု နှစ်ခု အတွက် ဒေါက်တာ အေးမောင်နဲ့ ကိုဝေဟင်အောင် တို့ဘက်က သက်သေတွေ နဲ့တကွ ပြန်လည်ထုချေရမှာဖြစ်ပါတယ်။
နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၂(၁)ဟာ သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်းအထိ ချမှတ်လို့ရတဲ့ ပုဒ်မတစ်ခုလည်းဖြစ်ပါတယ်။