ဒေါက်တာ အောင်ခင်ဆင့် တစ်ကိုယ်တော် ဆန္ဒပြ


2014.12.06
dr-aungkhinsint-305.jpg ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည်ဆောက်လုပ် ခွင့်ပေးဖို့ ဒေါက်တာ အောင်ခင်ဆင့် တစ်ကိုယ်တော်ဆန္ဒပြစဉ်
Photo: Nay Myo Htun/RFA

ရန်ကုန်တက္ကသိုလ်ထဲက မိုင်းခွဲဖြိုချခံခဲ့ရတဲ့ ကျောင်းသား သမဂ္ဂ အဆောက်အဦးနေရာမှာ အဆောက်အဦး သစ် ပြန်လည်ဆောက်လုပ်ခွင့်ပေးဖို့ နိုင်ငံရေး အကျဉ်း သားဟောင်းတစ်ဦးဖြစ်တဲ့ ဒေါက်တာ အောင်ခင်ဆင့် က တာမွေမြို့နယ် ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ ဒီကနေ့ တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

နိုင်ငံတော်သမ္မတက သမဂ္ဂတွေ ဖွဲ့စည်းခွင့်ပေးလိုက်တဲ့ အချိန်မှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး သစ် ပေါ်ပေါက်လာလို့အတွက် အခုလို ဆန္ဒပြရ တာဖြစ်တယ်လို့ ဒေါက်တာ အောင်ခင်ဆင့် က ပြောပါတယ်။

"သမဂ္ဂတွေဖွဲ့စည်းခွင့် သမ္မတကြီးက ခွင့်ပြုလိုက်တဲ့ အချိန်ခါမှာ ကျနော့်စိတ်ထဲမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးတစ်ခုလိုတယ်၊ အရင်တုန်းက ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဖျက်ဆီးမိုင်းခွဲခံရတဲ့နေရာမှာ ဒီအဆောက်အဦးတစ်ခု ပေါ်ပေါက်လာရေးအတွက် ကျနော်ဆန္ဒရှိတာကြောင့် ဒီပွဲကို ကျနော်လုပ်လိုက်ခြင်းဖြစ်ကြောင်း ပြောလိုပါတယ်"

ဒီဆန္ဒပြပွဲကို မြို့တော်ခန်းမရှေ့က မဟာဗန္ဓုလပန်းခြံကို လှည့်ပတ်ဆန္ဒပြဖို့ စီစဉ်ခဲ့ပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက ခွင့်မပြုတာကြောင့် ကျိုက္ကဆံ ပြည်သူ့ဟစ်တိုင်ကွင်းမှာ ပြောင်းလဲဆန္ဒပြရတာ ဖြစ်တယ်လို့လည်း ဒေါက်တာ အောင်ခင်ဆင့်က ပြောပါတယ်။

ဒါ့အပြင် ဒေါက်တာ အောင်ခင်ဆင့်က ရန်ကုန်တက္ကသိုလ်နယ်မြေမှာ ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြစ်ပေါ်လာဖို့ကို တတ်နိုင်သလောက် ရှေ့ဆက် လုပ်ဆောင်သွားမယ်လို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။

ဒေါက်တာ အောင်ခင်ဆင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် က ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်ခဲ့ပြီး အမျိုးသားညီလာခံ တက်ရောက်နေချိန်မှာ ‘အမျိုးသားညီလာခံကြီး လိမ်ညာနေကြောင်း’ ပြောဆိုခဲ့တာကြောင့် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံခဲ့ရသူဖြစ်ပါတယ်။

ဒေါက်တာ အောင်ခင်ဆင့်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။