မူးယစ်ဆေးဝါးအန္တရာယ် လျှော့ ချရေး လူထုပါဝင်ကူညီဖို့ 3MDG တိုက်တွန်း
2016.04.28

မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး သုံးစွဲသူတွေအကြား အိတ်ချ်အိုင်ဗီရောဂါပိုး ကူးစက်နှုန်း ၂၈.၅ ရာခိုင်နှုန်းအထိ မြင့် တက်လာတဲ့အတွက် မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချရေးလုပ်ငန်းတွေမှာ ပြည်သူလူထု ပါဝင်ကူညီကြဖို့ 3MDG လို့ခေါ်တဲ့ ထောင်စုနှစ်ဖွံ့ဖြိုးရေး ရည်မှန်းချက် ၃ မျိုး ရန်ပုံငွေအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ဘိန်းအများဆုံးထွက်တဲ့ ဒေသတစ်ခုဖြစ်တဲ့ ကချင်ပြည်နယ်မှာ အိတ်ချ်အိုင်ဗီ ဖြစ်ပွားနှုန်းဟာ နိုင်ငံရဲ့ ပျမ်းမျှဖြစ်ပွားနှုန်းထက် ပိုမိုမြင့်မားနေတယ်လို့လည်း 3MDG အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။
3MDG ရန်ပုံငွေအဖွဲ့အနေနဲ့ မြို့နယ် ၃၃ မြို့နယ်မှာ အိတ်ချ်အိုင်ဗီ ကာကွယ်ရေးလုပ်ငန်းတွေအတွက် အမေရိ ကန်ဒေါ်လာ ၃၀.၅ သန်း ထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ အိပ်ချ်အိုဗီ၊ တီဘီနဲ့ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အတွက် 3MDG အဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ စတင်ထူထောင်ခဲ့တာဖြစ်ပြီး၊ သြစတြေးလျ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွတ်ဇာလန်၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့က ရန်ပုံငွေတွေ ထည့်ဝင်ကူညီထား ပါတယ်။ အဲ့ဒီအဖွဲ့ဟာ ကလေးသေဆုံးမှုနှုန်း လျှော့ချရေးနဲ့ မိခင်တွေရဲ့ ကျန်းမာရေး တိုးတက်ကောင်းမွန်ရေးလုပ်ငန်းတွေကိုပါ ကူညီဆောင်ရွက်ပေးနေပါတယ်။