အမျိုးသား ပညာရေး ဥပဒေကြမ်း ပြည်သူ့ လွှတ်တော် ရောက်
2015.03.30

အမျိုးသားလွှတ်တော်က ဆွေးနွေးအတည်ပြုခဲ့တဲ့ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်း ဟာ ပြည်သူ့လွှတ်တော်ထံ ရောက်ရှိနေ ပြီဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း က အသိပေးကြေညာခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီနဲ့ ပညာရေးမြှင့်တင်မှုကော်မတီတို့ရဲ့ အကြံပြုချက်တွေကို လွှတ်တော်ထံတင်သွင်းဖို့ သူရဦးရွှေမန်းက ဒီနေ့ကျင်းပ တဲ့ ပြည်သူ့လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။
"ရရှိထားတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း ပြင်ဆင် တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီ ပညာရေးမြှင့်တင်မှုကော်မတီတို့က လက်ခံဆောင် ရွက်ပြီး မိမိတို့ရဲ့သုံးသပ်အကြံပြုချက်များကို လွှတ်တော်သို့ သတ်မှတ်ရက်အရောက် တင်ပြမှာဖြစ်ကြောင်းလည်း ထပ်မံအသိပေးလိုပါတယ်"
ပြည်သူ့လွှတ်တော် အစည်းအဝေးအပြီးမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော်ကော်မတီ နဲ့ ကော်မရှင်ဥက္ကဌတွေဟာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး ဆွေးနွေး ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ရှေ့အပတ်ထဲမှာ ပြည်သူ့လွှတ်တော်ထံ တင်ပြနိုင်ဖို့အတွက် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုက်တွန်းပြောကြားခဲ့တယ်လို့ ဆွေးနွေးပွဲတက်ရောက် ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြောပါတယ်။
"ဒီပညာရေးမြှင့်တင်မှုကော်မတီနဲ့ ဥပဒေကြမ်းကော်မတီတို့က ဒီအစည်းအဝေးပြီးတိုင်းပြီးတိုင်း ဆက်တိုက်ထိုင်ပြီးတော့ ဒါကိုလုပ်ဖို့ပြောတာဒါပဲ၊ နာယကကြီးက ပြီးအောင်တွန်းပြီးလုပ်ခိုင်းနေတယ်၊ လာမယ့်အပတ်တင်နိုင်မယ်လို့ မှန်းထားတာပေါ့နော်၊ ဒါကသူတို့လုပ်ဦးမှာလေ၊ လုပ်ဖို့အတွက်ကို ကော်မတီတွေ ကို အကုန်လုံးပြောတာ ဒါပါပဲ"
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းကို အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ် ၁၄ ယောက်က ၂ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်က သပိတ်မှောက်ကျောင်းသား ကျောင်းသူတွေ တောင်းဆိုထားတဲ့ ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းကို ရာခိုင်နှုန်းမသတ်မှတ်ဘဲ ပြင်ဆင်ပြီး အတည်ပြုလိုက်တာဖြစ်ပါတယ်။