ပညာရေးဥပဒေ မုံရွာမှာလည်း ဆန္ဒပြ
2014.11.25

အစိုးရနဲ့လွှတ်တော်က ပြဌာန်းလိုက်တဲ့ အမျိုးသား ပညာရေးဥပဒေကို မုံရွာခရိုင် ကျောင်းသားတွေကလည်း လက်မခံတဲ့အတွက် မုံရွာမြို့ပေါ်မှာ မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
နိုင်ငံလုံးဆိုင်ရာကျောင်းသားထု အရေးပေါ်အစည်း အဝေးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အတိုင်း မုံရွာခရိုင် ကျောင်းသားတွေက ဆောင်ရွက် တာဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ် မုံရွာ ခရိုင် ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးဇော်ဦးက RFA ကိုပြောပါတယ်။
" ကျနော်တို့ အမျိုးသား ပညာရေးဥပဒေမူကြမ်းကို ဆန္ဒပြတာပေါ့၊ ကျောင်းသားနဲ့ ပြည်သူကို ကျနော်တို့ လှုံဆော်တဲ့အနေနဲ့ သပိတ်မှောက်ဆန္ဒပြတာကို မုံရွာမှာကျနော်တို့ လုပ်ဖြစ်တာပေါ့၊ ရာဇသံ ရက် ၆၀ ပေးထားတဲ့ အတောအတွင်းမှာမှ ကျနော်တို့ကို ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းမရှိဘူးဆိုရင် ၆၁ ရက်မြောက်နေ့ဆိုရင် ကျနော်တို့ ကျောင်းသားပြည်သူတွေ အားလုံး ပူးပေါင်းပြီးတော့ ကျနော်တို့ အထွေထွေသပိတ်ကြီးကို ဆင်နွှဲသွားမှာပါ "
အမျိုးသားပညာရေးဥပဒေဟာ ဗဟိုချုပ်ကိုင်မှုများနေပြီး ကျောင်းသားတွေကို အမှန်တကယ် တတ်ကျွမ်းအောင် သင်ကြားပေးမယ့် ဒီမိုကရေစီပညာရေး စနစ်မဟုတ်တာကြောင့်၊ ဒီဥပဒေကို ပြင်ပေးဖို့ ကျောင်းသားတွေက သပိတ်မှောက် တောင်းဆိုနေတာဖြစ်ပါတယ်။ မုံရွာက ဆန္ဒပြပွဲမှာ ကျောင်းသား ၅၀ ကျော်ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ရက်တွေကလဲ မြင်းခြံခရိုင်ကျောင်းသားတွေက ဒီပညာရေးဥပဒေ သပိတ်မှောက်ပွဲကို ၂ ရက် ဆက်တိုက် ပြုလုပ်ခဲ့သလို၊ လာမယ့်ရက်တွေထဲမှာလဲ အခြားမြို့နယ်တွေမှာ သပိတ်မှောက်ကြမယ်လို့သိရပါတယ်။