EITI အဖွဲ့ဝင်ဖြစ်ရေး သုံးနှစ်လောက်စောင့်ရဖွယ်ရှိလို့ အဖွဲ့အစည်းတွေ ထောက်ပြ
2014.07.08

မြန်မာနိုင်ငံဟာ နိုင်ငံတကာ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာ မှု ဖော်ဆောင်ရေး အဖွဲ့ EITI အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ အနည်းဆုံး ၃ နှစ်လောက် စောင့်ဆိုင်းရမှာဖြစ်ကြောင်း သဘာဝသယံဇာတ တူးဖော်တာနဲ့ပတ်သက်ပြီး စောင့် ကြည့်လေ့လာမှုတွေ လုပ်ဆောင်နေတဲ့ အဖွဲ့တွေ က ဒီကနေ့ ပြောပါတယ်။
ဒီကနေ့ ရန်ကုန်မြို့ Summit Park View ဟိုတယ်မှာ ကျင်းပတဲ့ နိုင်ငံတကာ သဘာဝသယံဇာတ အရင်းအမြစ် တူးဖော်ရေးလုပ်ငန်း ပွင့်လင်းမြင်သာ မှုဖော်ဆောင်ရေးအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျာထားခံရတာနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ MATA အဖွဲ့ရဲ့ အကြံပေး ဆလိုင်းကျုံးလျန်ထောင်းက အခုလို ပြော ပါတယ်။
"၁၈ လအတွင်းမှာ ပထမဆုံးအစီရင်ခံစာ ထုတ်ဖို့လိုတယ်၊ ၂၀၁၆ ဇန်နဝါရီ ၂ ရက်နေ့ နောက်ဆုံးထား ပြီးတော့ အစီရင်ခံစာထုတ်ဖို့လိုတယ်၊ အဲ့ဒီ် အစီရင်ခံစာ မထုတ်နိုင်ဘူးဆိုရင် ကျနော်တို့ ပြန်ပြီး ဆိုင်းငံ့ပြန် လုပ်ပါမယ် အဖွဲ့ဝင်လောင်းကနေပေါ့နော် ပြန်ဆိုင်းငံ့သွားပါမယ်၊ ၁၈ လအတွင်းမှာ ကျနော်တို့ ထုတ်ပြီ ဆိုတော့လည်း အဲ့ဒီဟာ မှန်လား၊ မမှန်လား ဘယ်လိုလည်းဆိုတာ ပြန်ပြီးတော့ စစ်ဆေးတာတွေ အတည်ပြု တာတွေ လုပ်ဖို့လိုတယ် အဲ့ဒါပြီးသွာရင် ဒီနိုင်ငံတကာဘက်ကလည်းကြည့်မယ်၊ အကုန်လုံးကြည့်ပြီးသွားရင် တင်းပြည့် အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် အကုန်လုံး ချောချောချူချူ အောင်အောင်မြင်မြင် လုပ်နိုင်ဖို့ ၃ နှစ်လောက် အချိန်ယူရပါလိမ့်မယ်"
ဒါ့အပြင် သဘာဝသယံဇာတ တူးဖော်ထုတ်ယူတဲ့လုပ်ငန်းတွေမှာ ဥပဒေနဲ့အညီ အကာကွယ်ပေးဖို့နဲ့ လွတ်လပ် စွာ စောင့်ကြည့်လေ့လာခွင့်ပေးဖို့ကိုလည်း ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက မက္ကဆီကိုနိုင်ငံမှာ ကျင်းပတဲ့ သဘာဝတွင်းထွက်သယံဇာတများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးအဖွဲ့ EITI ရဲ့ ၂၇ ကြိမ်မြောက်အစည်းအဝေးမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်လောင်းလျာ နိုင်ငံအဖြစ် လက်ခံလိုက် တာဖြစ်ပါတယ်။
MATA အဖွဲ့ဟာ သဘာဝသယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိဖို့အတွက် အစိုးရ တာဝန်ရှိသူတွေ၊ ကုမ္မဏီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
MATA အဖွဲ့ရဲ့ နည်းပညာဆိုင်ရာအကြံပေး ဆလိုင်းကျုံးလျန်ထောင်း ကို RFA သတင်းထောက် ကိုမျိုးဇော် ကို တွေ့ဆုံမေးမြန်းထားပါတယ်။