ပွင့်လင်းမြင်သာမှုရှိဖို့ ပြောသူကို အာဏာပိုင်များက နှောင့်ယှက်
2014.10.13

သဘာဝသယံဇာတတွေ ထုတ်ယူသုံးစွဲတဲ့နေရာမှာ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှုရှိစေဖို့ ဆောင် ရွက်နေသူတွေကို ဒေသခံအာဏာပိုင်တွေနဲ့ ကုမ္ပဏီတွေက ဟန့်တားနှောင့်ယှက်တာတွေ ရှိနေကြောင်း အရပ်ဘက်လူမှု့အဖွဲ့အစည်းတွေက ဒီကနေ့ ပြောလိုက်ပါတယ်။
ရန်ကုန်မြို့ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ဒီကနေ့ကျင်းပတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ EITI လုပ်ငန်းစဉ် ဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တောင်သူလယ် သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင် က ပြောခဲ့တာဖြစ်ပါတယ်။
"EITI ဆိုင်ရာ အမြင်ဖွင့်လုပ်ငန်းတွေ လုပ်တဲ့အခါမှာ အထူးသဖြင့် နယ်တွေမှာပေါ့ဗျာ ကျနော်တို့ကို ဒေသ ဆိုင်ရာ အာဏာပိုင်တွေက တားမြစ်ပိတ်ပင်တာတွေ လည်း ခံရတယ်၊ ကုမ္ပဏီတွေက သူတို့ရဲ့ဝင်းတွေ ထဲကို မဝင်ရဘူးတို့၊ ဓါတ်ပုံရိုက်ခွင့်မရှိဘူးလို့ ဒါမျိုး တားတာတွေ နောက်ပြီးတော့ လူမိုက်ဂိုဏ်းဆန်ဆန်မျိုးတွေ ရောက်လာတဲ့အခါမှာ ဆိုင်ကယ်တွေအများကြီးနဲ့ လူစုကြီးက ရောက်လာပြီးတော့ ဟန့်တားတဲ့ပုံစံမျိုးတွေ လုပ်လာတဲ့အထိပေါ့ဗျာ၊ EITI နဲ့ ပတ်သက်ပြီး နယ်တွေ မှာလုပ်နေတဲ့လူတွေက အဲ့အခက်အခဲပေါင်းစုံကို ကြုံလာရတာပေါ့"
မြန်မာနိုင်ငံဟာ သယံဇာတတွေ ထုတ်ယူသုံးစွဲရာမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိဖို့အတွက် နိုင်ငံတကာ EITI အဖွဲ့ကြီး ရဲ့ အဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ လျာထားခြင်းခံရတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒီလို အဖွဲ့ဝင်ဖြစ်ဖို့အတွက် အစိုးရ၊ ကုမ္ပဏီတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့ ပူးပေါင်းဖွဲ့စည်းထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သဘာဝသယံဇာတတူးဖော်မှု ပွင့်လင်းရေးအဖွဲ့ဟာ ရှမ်း၊ ကရင်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး စတဲ့ ပြည်နယ်နဲ့ တိုင်း ၈ ခုမှာ EITI နဲ့ ပတ်သက်ပြီး အချက်အလက်ကောက်ခံမှာဖြစ်ပြီး လာမယ့်တစ်နှစ်ခွဲအတွင်း ကမ္ဘာ့ EITI အဖွဲ့ကြီးကို အစီအရင်ခံ စာတင်သွင်းရမှာဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း တောင်သူလယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင် ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က တွေ့ဆုံမေးမြန်းထားပါတယ်။