ဆန္ဒပြ တောင်းဆိုမှုကိစ္စ နိုင်ငံရေးပါတီများ ပါဝင်ဖြေရှင်းဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ပန်ကြား
2012.05.29

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နဲ့ နိုင်ငံရေးပါတီတချို့က ခေါင်းဆောင်တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံစဉ် ကော်မရှင် ဥက္ကဋ္ဌက ပြောကြားတာဖြစ်ကြောင်း NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။
" ကော်မရှင်ဥက္ကဋ္ဌက အစည်းအဝေး ခေါ်ယူရခြင်းနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားတယ်။ မန္တလေးမှာ အခု လျှပ်စစ်မီးရရှိရေးနဲ့ ပတ်သက်လို့ ဖယောင်းတိုင်ထွန်းပြီး ဆန္ဒပြနေတဲ့ကိစ္စတွေ၊ နောက်ရန်ကုန်မှာက စက်မှုဇုန်မှာ အလုပ်သမားများက လုပ်ခ ပိုတောင်းဆိုရင်း အလုပ်ရှင်ဘက်က မဖြေရှင်းပေးနိုင်လို့ ဆန္ဒပြမှုတွေ ဖြစ်နေတဲ့ကိစ္စ၊ အဲတာတွေကို ပြေပြေလည်လည်ဖြစ်အောင် သူတို့လည်း ဆောင်ရွက်နေတဲ့အကြောင်း၊ အဲတော့ ဒါတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းပြေလည်သွားအောင်ပေါ့၊ နိုင်ငံရေးပါတီတွေဘက်ကလည်း ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ပေးပါလို့ သူကအဲဒီလိုပြောတယ်"
ရွေးကောက်ပွဲကော်မရှင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အပါအဝင် နိုငံရေးပါတီ ၆ ခုက ဒုတိယဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တို့ကို ဖိတ်ကြားပြီး လက်ရှိပြဿနာရပ်တွေအပေါ် ဆွေးနွေးကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဆွေးနွေးပွဲမှာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးနဲ့ အမှတ် ၂ စက်မှု စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက လက်ရှိအဖြစ်အပျက်တွေအပေါ် ဌာနအသီးသီးက ဆောင်ရွက်နေမှုတွေကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်။
"အလုပ်သမားဝန်ကြီးဌာနကတော့ သူတိုလည်းပဲ ကြားထဲဝင်ပြီး ညှိပေးနေတယ်ဆိုတဲ့ အကြောင်းလောက်ပဲ ပြောပါတယ်။ လျှပ်စစ်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပြောတာကတော့ ဒီလျှပ်စစ်စွမ်းအင်တွေ ဘယ်လောက်ထုတ်လုပ်နေတယ်၊ ဘယ်လောက် သုံးစွဲနေတယ်။ ဒီနှစ်ထဲမှာ မိုးဦးက နောက်ကျတဲ့ အခါကျတော့ ရေအားလျှပ်စစ် စက်ရုံတွေက ရေမဖူလုံဖြစ်ပြီးတော့ အပြည့်မလည်ပတ်နိုင်တာတွေ ဖြစ်လာတယ်။ ဖြစ်လာတဲ့အတွက်ကြောင့် ဂက်စ်နဲ့ ကျောက်မီးသွေး ဓာတ်အားပေးစက်တွေနဲ့ ဖြည့်ပြီးပေးသော်လည်းပဲ ဓာတ်အားမလုံလောက်မှု ပြဿနာတွေက ရှိနေတယ်။ အဲဒီတုန်းမှာ တာဝါတိုင်တွေ ချိုးခံရတဲ့ကိစ္စကလည်း တမှောင့်ဖြစ်လာတယ်ပေါ့။ အဲတာကြောင့်မို့လို့ သူတို့ဒီအခက်အခဲကို ကြိုးစားပြီး ဖြေရှင်းနေပါတယ်လို့ ပြောတာ"
ဆွေးနွေးပွဲ တက်ရောက်လာတဲ့ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေကလည်း လက်ရှိပြဿနာရပ်တွေအပေါ် သဘောထားအမြင်တွေကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေက နိုင်ငံရေးပါတီ (၆) ခုက ခေါင်းဆောင်တွေကို ဖိတ်ကြားပြီး နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးကို - အာအက်ဖ်အေ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |