ကယန်းအမျိုးသားပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး ပယ်ချခံရ


2015.08.29
kayan-620 သံတောင်မြို့၊ သောက်ရေခပ်ကျေးရွာမှာ ကယန်းအမျိုးသားနေ့ အခမ်းအနားကျင်းပနေစဉ်။
Photo: RFA

ကယားပြည်နယ် လွိုင်ကော်ခရိုင် မဲဆန္ဒနယ်အမှတ် ၁ မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းထားတဲ့ ကယန်းအမျိုးသားပါတီက ဦးခွန်ဘီးဒူကို ရွေးကောက်ပွဲမတိုင်မီ မြန်မာနိုင်ငံမှာ ဆယ်နှစ်ဆက်တိုက် နေထိုင်ခဲ့ခြင်းမရှိဘူးဆိုပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ပါတယ်။

လွိုင်ကော်ခရိုင်ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်အဖြစ် ပယ်ချတဲ့အတွက် ပြည်နယ်ရွေးကောက် ပွဲ ကော်မရှင်ကို အယူခံဝင်ခဲ့ရာမှာ မနေ့က ထပ်မံပယ်ချခံရတာဖြစ်တယ်လို့ ဦးခွန်ဘီးဒူက ပြောပါတယ်။

"ကျနော်က ဗမာပြည်မှာ ၁ဝ နှစ်အထက် မနေခဲ့တဲ့အတွက်ပေါ့နော် ကျနော်ကို ပယ်လိုက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့ အဓိကပယ်ထားတယ်ခင်ဗျ၊ ဒါပေမယ့် ကျနော်က အယူခံထဲမှာ တကယ်တမ်း ကျနော်က ထိုင်းနိုင်ငံဘက်ကို ပြောင်းမဝင်သွားတာမျိုးမဟုတ်ပဲနဲ့ နိုင်ငံကူးလက်မှက်နဲ့ တရားဝင်သွားခဲ့တယ်ပေါ့နော်၊ အဲ့ဒီဟာတွေကို ကျနော်ထောက်ပြတယ် ပြီးရင်တော့ ကျနော့် နိုင်ငံကူးလက်မှတ်မူရင်းတော့ ကျနော်ပြောပြ တယ်ပေါ့နော် ဒါပေမယ့် ကော်မရှင်ကနေပြီးမှလည်း ကျနော့် နိုင်ငံကူးလက်မှတ် အထောက်အထားကိုကြည့် ပြီးမှ နိုင်ငံကူးလက်မှတ်ကလည်း အစိုးရကပြောတာကတော့ သူတို့ခွင့်ပြချက်နဲ့ သွားတာမျိုးမဟုတ်ပဲနဲ့ ဗီဇာနဲ့သွားရတဲ့အတွက် ဒါလည်းထပ်ပယ်တယ်ပေါ့နော်၊ သူတို့က အဲ့လိုမျိုးနဲ့ ကျနော့်ကို ပယ်လိုက်တယ်"

ဦးခွန်ဘီးဒူဟာ၂ဝဝ၇ ခုနှစ်တုန်းက ထိုင်းနိုင်ငံကို လေးလခန့် visa နဲ့ သွားရောက်ခဲ့တာဖြစ်ပေမယ့် ဒီလိုသွားတာ ဟာ အစိုးရကစေလွှတ်တာမဟုတ်တဲ့အတွက် ကိုယ်စားလှယ်လောင်း အရည်အချင်းသတ်မှတ်ချက်နဲ့ ငြိစွန်းနေ တာကြောင့် ကော်မရှင်ကပယ်ချလိုက်တာလို့ ပြောပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စား လှယ်လောင်းတွေကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေက ကိုယ်စားလှယ်လောင်း အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာကို စိစစ်နေပါတယ်။

လက်ရှိမှာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ်ကနေပယ်ချခံထားရသူ အယောက် ၂ဝ နီးပါးရှိနေပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။