မှန်ကန်စွာ မဲပေးရွေးချယ်နိုင်ရေး ၈၈ မျိုးဆက် ကြိုးပမ်းကူညီမည်
2015.09.16

၁၉၈၈ အရေးတော်ပုံမှာပါဝင်ခဲ့တဲ့ မျိုးဆက်တွေအားလုံးပူးပေါင်းပြီး လာမယ့်ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေ မှန်မှန်ကန်ကန် မဲပေးရွေးချယ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုကိုကြီးက ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းတွေကို အဆင့်သုံးဆင့်နဲ့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဦးကိုကိုကြီး က ပြောပါတယ်။
"အဆင့်သုံးဆင့်ပေါ့ တစ်ဆင့်ကတော့ မဲစာရင်းစစ်တဲ့အဆင့် ကိုယ့်နာမည် မဲစာရင်းမှာ ပါ မပါ၊ မပါလည်းပြော ကျနော်တို့ကို ၁၇ ရက်နေ့အထိ အချိန်အတောအတွင်းမှာပဲ မဲစာရင်းစစ်ဖို့ ပထမတစ်ဆင့် လုပ်သွားမယ်၊ နောက်တစ်ဆင့်က ပြည်သူတွေ မဲပေးချင်စိတ် တိုးတက်လာအောင် မဲပေးရေးလှုပ်ရှားမှုပေါ့နော် မဲပေးဖို့ အတွက် လှုံ့ဆော်တဲ့ဟာတွေ ကျနော်တို့ လုပ်ဖို့ရှိတယ်၊ နောက်တစ်ခုက မဲတော့ပေးလိုက်ပြီ ကိုယ်ပေးလိုက်တဲ့ မဲ ပယ်မဲမဖြစ်အောင် ခိုင်လုံတဲ့မဲဖြစ်အောင် ဘယ်လိုမဲပေးရမယ်ဆိုတာကို ပြည်သူတွေကြားထဲမှာ စည်းရုံး လှုံ့ဆော်သွားဖို့ရှိပါတယ်"
အဲ့ဒီပညာပေးလုပ်ငန်းတွေကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့နဲ့ one four one plus အဖွဲ့တွေက ပူးပေါင်းလုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ပညာပေး ဗွီနိုင်းတွေ၊ CD ခွေတွေကို တောရွာအထိ ရောက်အောင်ပို့ဆောင်သွားမယ်လို့ ကိုကိုကြီးက ပြောပါတယ်။
ဦးကိုကိုကြီးကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းထားပါတယ်။