အီလက်ထရောနစ် ဆက်သွယ်ရေး ဥပဒေ မရုပ်သိမ်းဖို့ နည်းပညာ ဒုဝန်ကြီးဖြေကြား
2013.01.30
ဆက်သွယ်ရေးနဲ့ နည်းပညာ ဒုတိယဝန်ကြီး ဦးသောင်းတင်က အီလက်ထရောနစ်လုပ်ငန်းဆိုင်ရာ ဥပဒေ Electric Commerce ဥပဒေအသစ် ထွက်ရှိပြီးမှသာ အရင်ပြဌာန်းထားတဲ့ ဥပဒေကို ရုပ်သိမ်းသင့်ကြောင်း ပြောခဲ့ပါတယ်။
ဒါပေမယ့် လက်ရှိဥပဒေမှာပါတဲ့ အခန်း ၁၂၊ ပြစ်မှုနဲ့ ပြစ်ဒဏ်များကို ပြင်ဆင်သွားမယ်လို့ ဒုဝန်ကြီးက ပြောတဲ့အတွက် မိမိအနေနဲ့ ကြိုဆိုကြောင်း အီလက်ထရောနစ် ဥပဒေကို ရုပ်သိမ်းပေးဖို့ အဆိုတင်သွင်းခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောပါတယ်။
လက်ရှိတည်ဆဲဖြစ်တဲ့ အီလက်ထရောနစ် ဥပဒေကို ၂၀၀၄ ခုနှစ် ၊ ဧပြီလ ၃၀ ရက်နေ့က ဥပဒေအမှတ် ၅/၂၀၀၄ အဖြစ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဲဒီဥပဒေနဲ့ နိုင်ငံရေးသမားတွေနဲ့ အတိုက်အခံလှုပ်ရှားသူတွေကို စစ်အစိုးရလက်ထက် ဖမ်းဆီးအရေးယူပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။