Eleven မီဒီယာသတင်းထောက်သုံးဦးကို ဝင်ရောက်ဖမ်းဆီး
2018.10.09

Eleven မီဒီယာ သတင်းထောက်သုံးဦးကို တာမွေမြို့နယ်ရဲတပ်ဖွဲ့က နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နဲ့ ဖမ်းဆီးဖို့ ကြိုးစားခဲ့ပါတယ်။
Eleven မီဒီယာ အယ်ဒီတာချုပ် ကိုကျော်ဇောလင်းနဲ့ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ အကြီးတန်းအယ်ဒီတာ ကိုဖြိုးဝေတို့ သုံးဦးကို ဖမ်းဆီးဖို့ Eleven မီဒီယာရုံးမှာ ဒီနေ့ညပိုင်းက သွားရောက်ရှာဖွေခဲ့တာပါ။ လောလောဆယ်တော့ သူတို့သုံးဦးလုံး လွတ်မြောက်နေဆဲပဲဖို့ စုံစမ်းသိရပါတယ်။
သူတို့သုံးဦးကို ဖမ်းဆီးဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က တရားလိုလုပ်ပြီး တိုင်ကြားခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး RFA က အတည်ပြုဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။ တာမွေမြို့နယ်ရဲစခန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ရာမှာလည်း လက်ခံဖြေဆိုခြင်း မရှိပါဘူး။
အမှုဖွင့်ဖမ်းဆီးဖို့ ကြိုးစားတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးပေမယ့် ရန်ကုန်ခေတ်သစ်မီဒီယာ သတင်းဌာနကတော့ … “စာရင်းစစ်အဖွဲ့ရဲ့ အစီရင်ခံစာနဲ့ မေးခွန်းထုတ်ရတော့မယ့် ရန်ကုန်အစိုးရအဖွဲ့ရဲ့ ပြည်သူ့ဘဏ္ဍာရှင်းတမ်း” အမည်နဲ့ အောက်တိုဘာလ ၇ ရက်နေ့က Eleven မီဒီယာမှာ ဖော်ပြခဲ့တဲ့ သတင်းသုံးသပ်ချက်ဆောင်းပါးနဲ့ ပတ်သက်တယ်လို့ ယူဆရကြောင်း ရေးသားထားပါတယ်။
ပြီးခဲ့တဲ့ ၂ဝ၁၆ ခုနှစ်ကလည်း “ဝန်ကြီးချုပ်တစ်ဦးက ကျပ်သိန်းတစ်ထောင်ကျော်တန် နာရီကို လက်ဆောင်အဖြစ် ယူတယ်” ဆိုပြီး Eleven မီဒီယာ အယ်ဒီတာအာဘော်မှာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းအစိုးရက Eleven မီဒီယာ အမှုဆောင် အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ဖမ်းဆီးခဲ့ပါတယ်။