သတင်းထောက်သုံးဦး တရားစွဲခံရမှု အလဲဗင်းမီဒီယာအတည်ပြု


2018.10.09
eleven-media-journal-622 ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဘဏ္ဍာရေးရှင်းတမ်းနှင့်ပတ်သက်ပြီး ဝေဖန်ရေးသားထားသော သတင်းဆောင်းပါး ဖော်ပြထားသည့် Eleven မီဒီယာစာစောင်။
Photo: RFA

Eleven မီဒီယာ သတင်းထောက်သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတယ်လို့ Eleven မီဒီယာအမှုဆောင် အယ်ဒီတာဦးကိုဦးက RFA ကို မနေ့က အတည်ပြု ပြောဆိုပါတယ်။

တရားစွဲဆိုခံထားရသူတွေကို ဖမ်းဆီးဖို့ တာမွေမြို့နယ် ရဲစခန်း အာဏာပိုင်တွေက Eleven မီဒီယာရုံးကို အင်္ဂါနေ့ ညနေ ၇ နာရီဝန်းကျင်လောက်မှာ ရောက်လာခဲ့လို့လည်း ဦးကိုဦးက ပြောပါတယ်။

“သူတို့ အမှုဖွင့်ပြီးတော့ ရုံးကို လာတဲ့အချိန်မှာ အဲဒီသုံးယောက်က ရုံးချိန်ပြီးလို့ ပြန်သွားကြပြီ။ ပုဒ်မ ၅ဝ၅ (ခ) နဲ့ တာမွေမြို့နယ် ရဲစခန်းကနေ အမှုဖွင့်ထားတယ်။ အမှုဖွင့်ထားတဲ့သူ သုံးယောက်ရှိတယ်ဗျ။ အယ်ဒီတာချုပ် ကိုကျော်ဇောလင်း၊ နောက်တခါ တာဝန်ခံအယ်ဒီတာ ကိုနရီမင်းနဲ့ နောက်တယောက်က အကြီးတန်း အယ်ဒီတာကိုဖြိုးဝေ၊ အဲဒီ ၃ ယောက်ကို အမှုဖွင့်ထားပါတယ်”

လောလောဆယ် ဘယ်သူက တရားလိုလုပ်ပြီး ဘယ်သတင်းကြောင့် အမှုဖွင့် တိုင်ကြားထားတယ်ဆိုတာ မသိရသေးဘူးလို့လည်း ဦးကိုဦးက ဆိုပါတယ်။

“ဘယ်အမှုနဲ့ဆိုတာ အဲဒါကို သေသေချာချာ မသိရသေးဘူး။ သူတို့က လာဖမ်းပြီဆိုကတည်းက ကျောင်းကားကိစ္စ ပါတယ်တို့… ဘယ်အကြောင်းအရာ ဘယ်စာမျက်နှာက ဘာပါတယ်ဆိုတာ မပြောတော့လေ၊ အသေးစိတ် မသိရသေးဘူးလို့ ပြောပါတယ်”

ရန်ကုန်တိုင်း တာမွေမြို့နယ်ရဲစခန်းကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ တာဝန်ကျ ရဲအရာရှိတဦးက…

“အဲဒါတော့ ဟုတ်ပါတယ်၊ အသေးစိတ်ကိုတော့ ကျနော် ပြောလို့မရပါဘူး။ မနက်ဖြန်ကျမှ တာမွေမြို့နယ် တရားရုံးကို မေးလိုက်ရင် သိနိုင်ပါတယ်။ အမှုဖွင့်တဲ့ဟာနဲ့ သူတို့ကို ဘာကြောင့်အရေးယူတယ်ဆိုတဲ့ဟာကို ပြောပါလိမ့်မယ်နော်”

အမှုဆောင်အယ်ဒီတာ ဦးကိုဦးကတော့… Eleven မီဒီယာ အယ်ဒီတာတွေကို အခုလို ပုဒ်မ ၅ဝ၅ (ခ) နဲ့ တရားစွဲဆိုထားတဲ့အမှုကို ရင်ဆိုင်သွားမယ်လို့ RFA ကို ပြောဆိုပါတယ်။

“ဒီကိစ္စနဲ့ပတ်သက်လို့ ဆက်ပြီးရင်ဆိုင်မှာပေါ့၊ ဒါပဲ ရှိတာပဲ။ မနက်ဖြန် ၁ဝ နာရီ ရုံးမှာဖြစ်မလား ရဲစခန်းမှာ ဖြစ်မလားဆိုတာတော့ အတိအကျ မသိသေးဘူး”

မြန်မာဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ကိုမြင့်ကျော်ကတော့… မြန်မာနိုင်ငံမှာ အာဏာပိုင်တွေဘက်က မီဒီယာအပေါ် အကောင်းမြင်မှု အားနည်းနေပြီး အခုဖြစ်ရပ်တွေက မီဒီယာလွတ်လပ်ခွင့်ကိုပါ ထိခိုက်လာနေ တယ်လို့ ထောက်ပြခဲ့ပါတယ်။

“ပြောရရင်တော့ အာဏာကို လိုတာထက် ပိုသုံးတဲ့ဟာမျိုးတွေ၊ နောက် မီဒီယာရဲ့ သဘောသဘာဝ တွေကိုလည်း နားမလည်ဘူးပေါ့လေ။ သူတို့ကို မကောင်းပြောတယ်လို့ပဲ အဲဒီလိုမျိုး ယူဆနေတယ်။ နောက်တခုကတော့ တချို့ကိစ္စတွေက တပ်မတော်ဘက်က စွဲဆိုတဲ့ကိစ္စတွေ၊ အဲဒီလို ကိစ္စမျိုးတွေမှာလည်း ကြားဝင်ဆောင်ရွက်တာမျိုးထက် သူတို့က ဒါမျိုးလုပ်တာမှန်တယ် ဆိုပြီး အတည်ပြုတာဆိုတော့ မီဒီယာလွတ်လပ်ခွင့်ကို သွားထိခိုက်တဲ့သဘောပဲ”

ပြင်သစ်အခြေစိုက် RSF အဖွဲ့ကနေ ပြီးခဲ့တဲ့တပတ်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ… ရိုက်တာသတင်းထောက် နှစ်ယောက်ကို နှစ်ရှည်ထောင်ဒဏ် အပြစ်ပေးလိုက်တာ အပါအဝင် သတင်းမီဒီယာတွေအပေါ် ဖိနှိပ်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အဆင့်အတန်းဟာ နှစ်ဆန်းပိုင်းက အခြေအနေတွေထက် နောက်ထပ်ကျဆင်းနိုင်ကြောင်း အောက်တိုဘာလ ၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။