တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့ ဖက်ဒရယ်မူကြမ်း လက်မှတ်ရေးထိုး
2020.03.02

အာဏာခွဲဝေမှုရှိတဲ့ ဖက်ဒရယ်စနစ်မျိုး အပါအဝင် ပြည်နယ်တွေမှာ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပိုင်ခွင့်နဲ့ အုပ်ချုပ်ခွင့် စနစ်တွေပါဝင်တဲ့ ဖက်ဒရယ်အခြေခံမူ ဘုံသဘောတူညီချက် စာတမ်းတစ်စောင်ကို တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်တွေက ဖေဖော်ဝါရီ ၂၉ ရက်နေ့က လက်ခံသဘောတူကြောင်း လက်မှတ်ရေး ထိုးခဲ့ကြပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့နဲ့ NCA လက်မှတ်မရေးထိုးကြရသေးတဲ့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP နဲ့ ကချင်ပြည် လွတ်လပ်ရေးအဖွဲ့ KIO ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဟာ ဖက်ဒရယ် အခြေခံမူ ဘုံသဘော ထားရရှိဖို့ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြတာပါ။
ဖက်ဒရယ်အခြေခံမူ ၂၄ ချက်ကို ဘုံသဘောတူညီချက် စာတမ်းအဖြစ် အဖွဲ့ ၁၂ ဖွဲ့လုံးက သဘောတူလက်ခံခဲ့ကြပြီး ပူးပေါင်းအကောင်အထည်ဖော်သွားကြဖို့ အချက် ခြောက်ချက်ပါ ဆုံးဖြတ်ချက်တွေကို အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ ပြောရေးဆိုခွင့်ရှိသူ ကရင်နီ အမျိုးသား တိုးတက်ရေပါတီ KNPP အဖွဲ့က ဗဟိုကော်မတီဝင် ဦးအောင်ဆန်းမြင့် က ပြောပါတယ်။
“ဒီ ဖက်ဒရယ် ပရမ်စတေဘယ်လ်ကို ကျနော်တို့ ဘုံသဘော တူညီချက် စာတမ်းအဖြစ်နဲ့ ကျနော်တို့ကပေါ့နော် ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမည့် စာတမ်းအဖြစ်နဲ့ ကျနော်တို့ အတည်ပြုတယ်၊ ဒါဆုံးဖြတ်တယ် ဆိုတာ ဒါက တစ်၊ နှစ်ကတော့ ကျနော်တို့ ခုနက ဒီစာတမ်းကို ဝပ်ကင်းဒေါ့ကူမန့်အနေနဲ့ အတည်ပြုပြီးတော့မှ ကျနော်တို့ ဒါကို ရပ်တည်ချက် လေးချက်အပေါ်မှာ လျှောက်သွားမယ်ဆိုတာ ရပ်တည်ချက် လေးချက်ဆိုတာ ဒါကို ကျနော်တို့ ၁၂ ဖွဲ့က စပြီးမှ ကိုင်စွဲမယ်၊ နောက် ကျန်တဲ့အဖွဲ့အစည်းတွေ ပါလာအောင် ကျနော်တို့ ဆက်လုပ်သွားမယ်ဆိုတဲ့ ဒါ အဲဒီရပ်တည်ချက်ကို ပြောတာ၊ နောက် တစ်စုံတစ်ခု ဆွေးနွေးပွဲက ရလာတဲ့ ရလဒ်တွေ ရှိတယ်ဆိုလို့ရှိရင်တော့ ဒါကို ဒီထဲမှာ ပြန်ပြီးတော့ ညှိနှိုင်းမယ်ဆိုတဲ့ ဒါရပ်တည်ချက်ကို ပြောတာ၊ နောက် နံပါတ် သုံးကြတော့ ကျနော်တို့ ခုနကပြောတဲ့ ကျနော်တို့ ဒီနေ့ ဒီအခြေခံမူထဲမှာ ဆက်လက်ဆွေးနွေး ရမည့် လုပ်ငန်းစဉ်တွေ ရှိသေးတယ်၊ အဲဒါတွေကို ဆက်လက်လုပ်သွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်”
ဒီလုပ်ငန်းစဉ်တွေ ဆက်လုပ်ဆောင်သွားနိုင်ဖို့ကိုတော့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဒုဥက္ကဋ္ဌ ခူးဦးရယ်က အဖွဲ့ခေါင်းဆောင်အဖြစ်ဦးဆောင်ပြီး အခုအစည်းအဝေးမှာပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၂ ဖွဲ့ထဲက တစ်ဖွဲ့ နှစ်ဦးစီပါဝင်တဲ့ လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့လည်း ဆက်ပြောပါတယ်။
“ဒီဖက်ဒရယ်အခြေခံမူတွေရရှိဖို့ကိုတော့ နှစ်နှစ်ကျော်ကြာ ပြုစုခဲ့ကြတာပါ။ ဒီမူတွေရရှိဖို့ ဆွေးနွေးတာမှာ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာတာ ဒါပထမဆုံးပါပဲ”
အခြေခံမူတွေကို အပိုင်း သုံးပိုင်းခွဲ ရေးဆွဲထားတာပါ။ ပထမပိုင်းမှာ အခြေခံမူတွေ ရေးဆွဲချမှတ်ခဲ့သလို ဒုတိယပိုင်းမှာ အစိုးရ ဖွဲ့စည်းမှုပုံသဏ္ဍာန်၊ ဘဏ္ဍာခွဲဝေရေးနဲ့ တရားရေးဆိုင်ရာ ကိစ္စရပ်တွေပါတဲ့ ကဏ္ဍအလိုက် ခေါင်းစဉ် ၁၃ ခုပါတဲ့ အသေးစိတ်မူတွေ ပါဝင်ပါတယ်။ တတိယပိုင်းမှာတော့ အခြေခံမူတွေ ချမှတ်ရတဲ့ အကြောင်းအရင်းတွေ ပါဝင်ပါတယ်။
ဖက်ဒရယ်ကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မလဲဆိုတဲ့ အခြေခံအချက်တွေပဲလို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ ဖက်ဒရယ်ကို ဘယ်လိုပုံစံနဲ့ တည်ဆောက်သွားမလဲ၊ နောက်ပြီးမှ အနာဂတ် ဖက်ဒရယ်ရဲ့ အစိုးရ ပုံစံတွေ ဘယ်လိုလုပ်မလဲ၊ တရားဥပဒေပိုင်းဆိုင်ရာ ဘယ်လိုလုပ်မလဲ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ ဘယ်လိုလုပ်မလဲ၊ လွတ်တော်ပိုင်းဆိုင်ရာပေါ့နော် ဘယ်လိုလုပ်မလဲ ဆိုတဲ့အချက်တွေပါပဲ အခြေခံအချက်တွေပါပဲ”
ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နဲ့ ပတ်သက်လို့တော့ တပ်မတော်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက် ထားတဲ့ အရပ်သား အစိုးရလက်အောက်မှာရှိရမယ့် အုပ်ချုပ်ရေး ဖြစ်ရမယ်ဆိုတဲ့ ခြုံငုံတဲ့မူမျိုး ဝါဝင်ပေမယ့် ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အခြေခံမူတွေ၊ တပ်မတော် ဖွဲ့စည်းပုံကိစ္စတွေနဲ့ လုံခြုံရေးဖွဲ့စည်းမှုဆိုင်ရာ တွေကိုတော့ ထပ်မံဆွေးနွေးဖို့ ရှိနေပါတယ်။
ဒါ့အပြင် တိုင်းရင်သား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေလိုချင်တဲ့ ဖက်ဒရယ်ဟာ အာဏာခွဲဝေမှုရှိဖို့လိုပြီး ပြည်နယ်တွေမှာ အခြေခံ ဖွဲ့စည်းအုပ်ချုပ်ပုံရှိဖို့နဲ့ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံ ရေးဆွဲပိုင်ခွင့် ရှိဖို့တွေအပါအဝင် ရွေးကောက်ပွဲတွေကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲနဲ့ ပြည်နယ်ရွေးကောက်ပွဲတွေ ခွဲပြီးလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
ဖက်ဒရယ်အခြေခံမူ ဘုံသဘောတူညီချက်တွေကိုတော့ အစိုးရနဲ့ အလုပ်အဖွဲ့တွေအကြား ထပ်မံတွေ့ဆုံညှိနှိုင်း ဆွေးနွေးကြမှာပါ။
နှစ်ဖက်သဘောတူညီနိုင်တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မည့် အခြေခံမူတွေ ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်သလို မပါဝင်လာနိုင်သေးတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီ တွေနဲ့ လူမှုအဖွဲ့အစည်းတွေကြားမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ပြောရေးဆိုခွင့်ရှိသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့က စိုင်းလျန်း က ပြောပါတယ်။
“ဆိုလိုတာကတော့ အပြီးသတ်ကြီး အတည်ပြုတယ်ဆိုတာထက်ပေါ့ ဝပ်ကင်း ဒေါ့ကူမန့် အနေနဲ့ ဆက်ပြီး တော့ ညှိနှိုင်းစရာရှိတာတွေလည်း ညှိနှိုင်းသွားဖို့ပေါ့၊ ဒါအဓိကကျတာပေါ့၊ နောက်တစ်ခုက ကျနော်တို့ ဒီမှာ ကျနော်တို့ဥစ္စာပေါ့ ဂိုက်တင်း ပရမ်တင်စပယ်လ် ပေါ့နော်၊ ဂိုက်တင်း ပရမ်တင်စပယ်လ် ၂၄ ချက်ကတော့ အများအားဖြင့် အားလုံးနီးပါး သဘောတူတယ်ဆိုတဲ့ အဲသဘောထားတော့ ရတာပေါ့၊ နောက် ကျန်တဲ့အခြား အချက်အလက်တွေတော့ ဆက်ပြီးလေ့လာဖို့တွေရှိတယ်၊ နောက်ပြီးတော့ ဆက်ပြီးတော့ ညှိနှိုင်းဖို့တွေ ရှိတာပေါ့”
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ရဲ့ ဖက်ဒရယ် အခြေခံမူ ဘုံသဘောတူညီချက် စာတမ်းကို အစည်းအဝေး တက်ရောက်လာတဲ့ ထိပ်သီးခေါင်းဆောင်တွေထဲက ခေါင်းဆောင် ငါးဦးကိုရွေးပြီး ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဋ္ဌ အေဘယ်တွီနဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့က ၁၂ ဖွဲ့ခေါင်းဆောင်တွေရဲ့ ကိုယ်စား ဘုံသဘောတူညီချက်ကို လက်ခံပြီး ပူးပေါင်းလုပ်ဆောင်ကြဖို့ လက်မှတ်ထိုးခဲ့ကြတာဖြစ်ပါတယ်။