ပင်လုံစိတ်ဓါတ်နဲ့ ပူးပေါင်းဆောင် ရွက်ကြဖို့ သဘောတူ


2017.04.09
summit-conference-620.jpg ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဧပြီလ ၈ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ထိပ်သီးအစည်းအဝေး ကျင်းပနေစဉ်
Photo: Aung Moe Myint/ RFA

တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့တွေရဲ့ ထိပ်သီးအစည်းအဝေးကနေ ပင်လုံစာချုပ်နဲ့ ပင်လုံစိတ်ဓါတ်ကို အခြေခံပြီး တိုင်းပြည်ကို အတူတကွ တည်ဆောက်ကြဖို့ အဖွဲ့အားလုံးက သဘောတူကြပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့တဲ့ ထိပ်သီးအစည်းအဝေးရဲ့ အနှစ်သာရနဲ့ ပတ်သက်လို့ ပြောရေးဆို ခွင့်ရှိသူတစ်ဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ဦးသံခဲက သတင်းထောက်တွေကို အခုလို ပြောဆိုပါတယ်။

"အဓိက ချခဲ့တာက နံပါတ် ၁ ကတော့ ကျနော်တို့ တိုင်းပြည်အတွက် အင်မတန်မှအရေးကြီးတဲ့ ပင်လုံနဲ့ ဆိုင်တဲ့ကိစ္စ၊ အဲ့တော့ ပင်လုံ စိတ်ဓါတ် ၊ ပင်လုံ သဘောတူညီချက်၊ ပင်လုံစာချုပ်၊ ဒီအပေါ်မှာ အမြင်တွေကို ညှိနှိုင်းပြီးတဲ့အခါကြတော့မှ ကျနော်တို့ ဒီနေ့ ဆွေးနွေးပွဲမှာ အားလုံးက ကိုးကားရမယ်ဆိုတဲ့ စာတမ်း တခုအနေနဲ့ အားလုံး သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါက ပထမ တစ်ခု ကျနော်တို့ ကြားထဲမှာ ညှိနှိုင်းမှုရဲ့ အောင်မြင်မှုလို့ ယူဆရမှာ ဖြစ် ပါတယ်။ အဲ့တော့ သမိုင်းရေးဆိုင်ရာအရ ပင်လုံပေါ်မှာ မှတ်တမ်းတွေဟာ ခိုင်ခိုင်မာမာ ရှိဖို့လိုတာကို ကျနော်တို့ ခိုင်မာတဲ့ မှတ်တမ်းတွေအဖြစ် ပြန်လည်ပြုစု တယ်။ ဒုတိယ တခုက ဒီအပေါ်မှာ ပင်လုံစိတ်ဓါတ်နဲ့ အတူ ပင်လုံ သဘောတူညီချက်တွေ အတိုင်း တိုင်းပြည်ကို အတူတကွ ပြန်လည်တည်ဆောက် မယ်၊ နောက်ပြီးတဲ့ အခါကြတော့ သဘောတူညီချက်တွေ တိုင်းရင်းသားတွေ ကြားထဲမှာ တန်တူရည်တူ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ကိုတည်ဆောက်မယ်ဆိုတဲ့ ကျနော်တို့ ယူဆချက်တွေဟာ အားလုံးရဲ့ စုစည်းချက်တွေလို့ ပြောရင် ဖြစ် ပါတယ်"

လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အကောင်အထည်ဖော်ဆောင်ရွက်နေကြတဲ့ လုပ်ငန်း အဆင့်ဆင့်တွေမှာ လည်း အဖွဲ့အားလုံးက အတူတကွ ညှိနှိုင်းပူးပေါင်းဆောင်ရွက် သွားကြဖို့အတွက် သဘောတူညီမှုတွေရခဲ့ကြ တယ်လို့ ABSDF ဥက္ကဌ ဦးသံခဲ က ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်များရဲ့ ထိပ်သီးအစည်းအဝေးကို NCA အပစ်ရပ် လက်မှတ်ရေးထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့ က ခေါင်းဆောင်တွေနဲ့ NCA အပစ်ရပ် လက်မှတ်မရေးထိုးကြရသေးတဲ့ UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၇ ဖွဲ့ က တိုင်းရင်းသား ထိပ်သီး ခေါင်းဆောင် ၆ဝ ခန့် တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။