တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေး
2017.04.08

NCA စာချုပ်ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ လက်မှတ်ထိုးထားခြင်း မရှိသေးတဲ့ အဖွဲ့တွေက ခေါင်းဆောင် ၆၀ လောက် တက်ရောက်တဲ့ ထိပ်သီးအစည်းအဝေးကို ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စတင်ကျင်းပနေပြီး မနက်ဖြန်အထိ ၂ ရက်ကြာမြင့်မှာဖြစ်ပါတယ်။
အစည်းအဝေးမှာ သဘာပတိအဖြစ် ဆောင်ရွက်တဲ့ ဗိုလ်ချုပ်ကြီးအင်ဘန်လက လက်ရှိ အဖွဲ့တွေအကြား အခြေအနေကို အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
"ကျနော်တို့ဟာ ဘယ်လိုပဲ စုစည်းချင်ဦးတော့ အစိုးရရဲ့ ဉာဏ်နီဉာဏ်နက်နဲ့ ဆွေးနွေးမှုကြောင့် စုစည်းဖို့က တော်တော်ပဲ ခဲယဉ်းနေတဲ့ အချိန်လည်း ဖြစ်ပါတယ်။ အခု ဒေသန္တရအရလည်း ကျနော်တို့ အခုချိန်မှာဆိုရင် မဖြစ်မနေ မြောက်ပိုင်းအဖွဲ့ဟာလည်း စုစည်းရမယ့် အခြေအနေမှာ ရောက်နေပါတယ်။ မစုစည်းလို့ရှိရင် ပိုပြီးတော့ ဆုံးရှုံးမှုတွေဖြစ်လာနိုင်တယ်။ အဖွဲ့အစည်း အချင်းချင်းထဲမှာလည်း မတူကွဲပြား မှုရှိပြီးတော့ တဖွဲ့နဲ့တဖွဲ့ ခိုက်ရန်ဖြစ်မှု ဒါတွေလည်း မလွဲမရှောင်သာ ဖြစ်လာမယ့် အခြေအနေတွေ ရှိနေပါတယ်"
ဒုတိယ သဘာပတိအဖြစ်ဆောင်ရွက်တဲ့ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဌ ဒုဗိုလ်ချူပ်ကြီး ယွက်ဆစ်ကတော့ နိုင်ငံရေး ဆွေးနွေးမယ်ဆိုရင် ပင်လုံစာချူပ်ကို ပစ်ပယ်လို့ ရမှာမဟုတ်ကြောင်းနဲ့ ပင်လုံ စာချူပ်မှာ ပြည်နယ်ကိုအခြေခံဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ကို တွေ့နိုင်ကြောင်း အခမ်းအနားအဖွင့်မိန်ခွန်းမှာ ပြော ဆိုခဲ့ပါတယ်။
ဧပြီလ ၉ ရက်နေ့အထိ ကျင်းပမည့် ဒီ ထိပ်သီးအစည်းအဝေးမှာ JMC ပူးတွဲစောင့်ကြည့်ရေး ယန္တရားဆိုင်ရာကိစ္စ၊ လုံခြုံရေးကဏ္ဍဆိုင်ရာကိစ္စ၊ ကြားကာလ ဆောင်ရွက်ရမည့် အစီအစဉ်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရန်ပုံငွေ ဆိုင်ရာကိစ္စတွေ အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်း အဝေးတက်ရောက်ဖို့ ကိစ္စတွေကို ထည့်သွင်းဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ဒီအစည်းအဝေးကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် NCA လက်မှတ်ရေး ထိုးထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ NCA အပစ်ရပ်လက်မှတ်မရေးထိုးကြရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေဖြစ်တဲ့ UNFC အဖွဲ့ဝင် ၇ ဖွဲ့က ထိပ်သီးခေါင်းဆောင် ၆၀ ခန့် တက်ရောက်ဆွေးနွေးနေကြပါတယ်။
ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ဟာ သူတို့ရဲ့ညီလာခံ ကျင်းပနေချိန်ဖြစ်တဲ့အတွက် အခုကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။