ငြိမ်းချမ်းရေးဖော်ဆောင်ပေးဖို့ တိုင်းရင်းသား ပါတီများ တိုက်တွန်း
2011.04.27

ရန်ကုန်မြို့ကျားဖြူပါတီ ရုံးမှာ ဧပြီ ၂၇ ရက် ဒီကနေ့ ပြုလုပ်တဲ့ တိုင်းရင်းသား ငါးပါတီ အစည်းအဝေးကနေ ဆုံးဖြတ် တောင်းဆိုလိုက်တာပါ။ အစည်းအဝေးကို ကျားဖြူပါတီ၊ ရခိုင်တိုးတက်ရေးပါတီ၊ မွန်ဒီမိုကရက်တစ်နဲ့ ချင်းတိုးတက်ရေးပါတီက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တာဖြစ်ပြီး ကရင် ဒီမိုကရက်တစ် ပါတီက အစည်းအဝေး မတက်ရောက်နိုင်ပေမဲ့ သဘောထား ပေးပို့တယ်လို့ သိရပါတယ်။
မွန် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက အစည်းအဝေးက ဆုံးဖြတ်ချက်များနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။
“ပြည်ထောင်စု မြန်မာနိုင်ငံတော်မှာ တိုင်းရင်းသားတွေ နေထိုင်တဲ့ နေရာက ငြိမ်းချမ်းရေးတွေ လိုအပ်နေတာပေါ့။ အဲဒီ ငြိမ်းချမ်းရေးအတွက် တည်ငြိမ်ရေး ဖြစ်ဖို့အတွက်ကတော့အစိုးရ အဆက်ဆက်က ဆောင်ရွက်ခဲ့သော်လည်းပဲ ယနေ့အထိ လိုအပ်ချက် ရှိနေသေးတယ်။ အဲဒီ လိုအပ်ချက်အရက ဒီမိုကရေစီ အစိုးရသစ်ကနေပြီးတော့ လိုအပ်တဲ့ ငြိမ်းချမ်းရေး အခြေအနေကို ပြီးပြည့်စုံအောင် အစဉ်တစိုက် ဆောင်ရွက်ပေးသင့်ပါတယ် ဆိုပြီးတော့ အဲလိုမျိုး တောင်းဆိုထားတယ်။”
ဒီတောင်းဆိုချက်အပါအဝင် အချက် ၅ ချက်ကို တောင်းဆိုခဲ့တာပါ။ သမတကြီးရဲ့ မိန့်ခွန်းကို တိုင်းရင်းသား ငါးပါတီက ကြိုဆိုခဲ့ သလို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိစ္စလည်းပါဝင်ပါတယ်။ ဒါ့အပြင် ပြည်နယ ်တိုင်း နယ်စပ်ဒေသများမှာ ပြည်မနဲ့ တိုးတက်မှု ကွာခြားနေတာတွေကိုလည်း ဖြည့်ဆည်း ဆောင်ရွက်ပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီတောင်းဆိုချက်များကို တိုင်းရင်းသားပါတီတွေက ဖြန့်ဝေသွားမှာ ဖြစ်ပါတယ်။