အာဏာသိမ်းစစ်တပ်ကို ထပ်တိုး ပိတ်ဆို့အရေးယူဖို့ EU တိုက်တွန်း
2023.01.31

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာတွေ အပါအဝင် ပိတ်ဆို့အရေးယူမှုတွေ ပိုပြီးလုပ်ဖို့ EU ဥရောပသမဂ္ဂက မနေ့က ကြေညာချက်ထုတ်ပြန်တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။
စစ်တပ်အာဏာသိမ်း နှစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ပြန်တဲ့ EU ရဲ့ ကြေညာချက်ထဲမှာ စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အပြင်းထန်ဆုံးရှုတ်ချကြောင်းနဲ့ ဒီမိုကရေစီနဲ့ အရပ်သားအစိုးရ အုပ်ချုပ်ရေးဆီကို ပြန်သွားဖို့ တောင်းဆိုနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်တဲ့အကြောင်း ပြောထားပါတယ်။
အခုအချိန်မှာ စစ်တပ်က ကျူးလွန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ မြန်မာနိုင်ငံအနှံ့မှာ ကာလရှည်ပဋိပက္ခတွေအသွင် ကူးပြောင်းလာနေပြီး ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိခိုက်လာနေကြောင်း၊ မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူ အားလုံးကို အပြစ်ပေးအရေးယူဖို့၊ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လည်း အီးယူက တောင်းဆိုထားပါတယ်။
မြန်မာစစ်တပ်အနေနဲ့ ရန်လိုတိုက်ခိုက်မှု အားလုံးကို ချက်ချင်းရပ်တန့်ပြီး အလွန်အကျွံ အင်အားသုံးတိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီတွေကိုလည်း ခွင့်ပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။
အီးယူအနေနဲ့ မြန်မာ့အရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုကြိုဆိုပြီး အာဆီယံရဲ့ဘုံသဘောတူညီချက် ငါးရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေးဆောင်ရွက်ချက်တွေကို ထောက်ခံတဲ့အကြောင်းလည်း ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH တို့နဲ့အတူ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက်အဖွဲ့တွေ၊ ဘာသာရေးနဲ့ လူနည်းစုခေါင်းဆောင်တွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးလမ်းစဉ်ကသာလျှင် မြန်မာနိုင်ငံ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းကနေ ရုန်းထွက်နိုင်ပြီး၊ မြန်မာပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့ အီးယူရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။