အခြေခံဥပဒေ ပြင်ဆင်ရေး EU တိုက်တွန်းမည်
2013.12.15

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ပါဝင်အရွေးခံခွင့်ပြုဖို့ ဥရောပသမဂ္ဂ EU အဖွဲ့ဝင်နိုင်ငံတွေက မြန်မာအစိုးရ ကို တိုက်တွန်းကြမယ်လို့ သိရပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ တနင်္လာနေ့က ကျင်းပခဲ့တဲ့ EU နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲမှာ သဘောတူညီခဲ့ကြတာပါ။
လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ဖြစ်မလာ ဘူးဆိုရင် မြန်မာနိုင်ငံဟာ ပြည်တွင်းမငြိမ်သက်မှုတွေ၊ ဒီမိုကရစီ ပြုပြင်ပြောင်းလဲမှု နောက်ပြန် လျော ကျနိုင်ခြေတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ရေရှည် ခိုင်မာဖို့အတွက် ခေတ်သစ် ဒီမိုကရေစီ လိုအပ်ချက်တွေနဲ့အညီ အခြေခံဥပဒေကို ပြန်လည် သုံးသပ်သင့်တယ်လို့ သတိပေးဖို့ EU အဖွဲ့ဝင်နိုင်ငံတွေက ဆုံးဖြတ်ခဲ့ကြကြောင်း Financial Times သတင်းစာက ဖေါ်ပြပါတယ်။
ပြည်ပသံတမန်တွေနဲ့ လေ့လာသူတွေကလည်း မျှတတဲ့ရွေးကောက်ပွဲသာဖြစ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်တယ်လို့ ယူဆကြပါတယ်။
EU သံတမန်တစ်ဦးကလည်း မြန်မာ့ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဥရောပသမဂ္ဂအနေ နဲ့ နောက်ကနေ အပြည့်အဝတွန်းအားပေးနေဖို့ အရေးကြီးပါတယ်၊ မြန်မာ့ပြုပြင်ပြောင်းလဲရေးဟာ နောက်ပြန် မလှည့်တဲ့ ပြောင်းလဲမှုဖြစ်ကြောင်း ကမ္ဘာကိုပြသရေးမှာ သမ္မတဖြစ်ခွင့်ဆိုင်ရာအချက်က အခရာကျနေပါတယ်၊ EU နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ သဘောတူညီချက်တွေ အတည်ပြုပြီးပြီဆိုရင် ဒီကိစ္စနဲ့ ပတ်သက်ပြီး EU က မြန်မာအစိုးရကို ပြင်းပြင်းထန်ထန် တိုက်တွန်းသွားမှာဖြစ်ပါတယ်လို့ ပြောဆိုပါတယ်။