ဥရောပနေ့ ညစာစားပွဲသို့ နိုင်ငံရေးပါတီများကို ပထမဆုံးအကြိမ် ဖိတ်ကြား
2011.05.04
“ကျွန်တော် တွေ့တာကတော့ ကျွန်တော်တို့ ပါတီက နှစ်ယောက် သွားတက်တယ်ပေါ့နော်။ ကျွန်တော်နဲ့ ဒေါ်နေရည်နဲ့ နှစ်ယောက် တက်တယ်။ NDF ဒေါက်တာ သန်းငြိမ်းနဲ့ ဦးခင်မောင်ဆွေနဲ့ တက်တယ်။ နောက် တစညက ဦးခင်မောင်ကြီး လာတာ တွေ့တယ်။ နောက်ပြီးတော့ ဟို NLD ကတော့ ဗိုလ်ကြီး ဝင်းထိန်လာတာ တွေ့တယ်ပေါ့နော်။ ဒါပဲရှိတယ်၊ ဘယ်သူ တခြား နိုင်ငံရေးသမားတွေတော့ မတွေ့ဘူး။ အရပ်သားတွေတော့ တွေ့တာပေါ့နော်။”
ညစာစားပွဲအခမ်းအနားကို မြန်မာအစိုးရ ဒု နိုင်ငံခြားရေးဝန်ကြီး ဦးမောင်မြင့်လည်း တက်ရောက် ခဲ့ပါတယ်။
ဥရောပသမဂ္ဂ စတင် ထူထောင်တဲ့ အချိန်ကစပြီး မြန်မာနိုင်ငံကို အကူအညီတွေ ပေးခဲ့သလို ဆက်လက် ကူညီသွားမှာဖြစ်တယ်လို့ ဥပရောပသမဂ္ဂ သံအမတ်ကြီး H.E David Lipman က ပြောဆိုခဲ့ကြောင်း ဦးသုဝေက ပြောပါတယ်။
မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူတဲ့ သဘောထားနဲ့ ပတ်သက်လို့တော့ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အချင်းချင်း သဘောထား ကွဲလွဲမှုတွေ ရှိတာ တွေ့ရတယ်လို့ အမျိုးသား ဒီမိုကရေစီ အင်အားစု ခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
“ဒါပေမဲ့ အပြင်းအထန် ကွဲလွဲတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့က ဒီ sanction နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ သူတို့ ကြိုသိတယ်။ ဒါတွေဟာ ပြည်သူတွေကို ထိခိုက်နေတယ်ဆိုတာ သိတယ်။ သိတော့လည်းပဲ မူအရ ဆက်ထားချင်တဲ့ နိုင်ငံတွေက ရှိတာကိုး။ ဒီ ဥရောပ သမဂ္ဂက ပိုပြီးတော့ ဆက်ဆံမှု တိုးလာတယ်ဆိုတာ ဒီနေ့ ရွေးကောက်ပွဲ နိုင်ထားတဲ့ နိုင်ငံရေးပါတီတွေဟာ ပြည်သူ့ ထောက်ခံမှု ရှိတယ်ဆိုတဲ့ အချက်ကို သူတို့ ဘယ်လိုမှ အသိအမှတ် မပြုပဲ နေလို့ မရဘူး ဆိုတဲ့ အချက်ပေါ်မှာ မူတည်တာပေါ့။”
Europe Day ခေါ် ဥရောပနေ့ကို ဥရောပ ကော်မရှင်အတွက် မေလ ၅ ရက်နေ့၊ ဥရောပသမဂ္ဂ အီးယူ အတွက် မေလ ၉ ရက်နေ့မှာ ကျင်းပကြောင်း သိရပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့ ညနေပိုင်းမှာလည်း ပြင်သစ်သံအမတ်ကြီးရဲ့ နေအိမ်မှာ နိုင်ငံရေးပါတီတချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။