ပြည်ပရောက် အတိုက်အခံတွေ ပြန်လာနိုင်ပြီလို့ သမ္မတ အကြံပေးပြောဆို

ပြည်ပရောက် နိုင်ငံရေး အမြင်ကွဲပြားသူတွေ၊ ဒီမိုကရေစီရေး လှုပ်ရှားနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံကို စိုးရိမ်စိတ်မရှိဘဲ ပြန်လာနိုင်ကြောင်း သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေး အဖွဲ့ခေါင်းဆောင် ရဲမှူးကြီးဟောင်း ဦးစစ်အေးက RFA ကို ဒီကနေ့ ပြောဆိုပါတယ်။

2011.09.13

“ပြန်လာလို့ ရတယ်ဆိုတာက ကိုယ့်ရေးကိုယ်တာနဲ့ သက်ဆိုင်တဲ့ ပြဿနာရှိရင်တော့ ရှင်းပေါ့။ ကျန်တဲ့ဟာတွေကတော့ ကျနော်တို့ ရှင်းပေးလို့ ရလို့သာ ဖိတ်ခေါ်တာ ဖြစ်ပါတယ်။ အရင်ကလည်း ကျနော်တို့ နိုင်ငံမှာ ဒါမျိုးတွေ လုပ်ခဲ့ဖူးတာပဲ။

ဘယ်တုန်းကမှ အရေးယူတယ်ဆိုတာမှ မရှိခဲ့တာဘဲ။ နိုင်ငံရေးလှုပ်ရှားတယ်ဆိုတာကတော့ အခုဟာက ဒီမိုကရက်တစ် အစိုးရဖြစ်ပြီပဲ ဒါ့ကြောင့်လဲ အားလုံးကို ဖြေရှင်းပြီး ခေါ်လိုက်တာပေါ့။ နိုင်ငံ့ အကြီးအကဲ တယောက်က သဘောထား ကြီးကြီးနဲ့ အမြင်မတူဘဲ နိုင်ငံရေးလုပ်တာ ပြောတာဆိုတာ ရှိမှာပေါ့။ ဒါတွေကို သဘောထား ကြီးကြီးနဲ့ ဆုံးဖြတ်ပြီး လက်ခံမယ်လို့ ပြောတဲ့ ကိစ္စပဲ”

ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီအတွင်းရေးမှူး ဦးအောင်ထူးကတော့ အစိုးရအနေနဲ့ အမှန်တကယ် ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်ဆိုရင် ပြည်တွင်း ပြည်ပ မခွဲခြားဘဲ အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေညာပေးဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံသားတွေ ပြန်လာရေးနဲ့ ပတ်သက်ပြီး ဦးသိန်းစိန်ရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံရေးအရ သနပ်ခါးလိမ်း ချင်လို့လား။ ဒါမှ မဟုတ် ဥပဒေ စိုးမိုးရေး အခြေခံကို တည်ဆောက် ချင်တာလား။ ကျနော်တို့ကတော့ ဥပဒေ စိုးမိုးရေး အခြေခံကနေ သုံးသပ် အကြံပေးချင်တယ်။ ဒီအတိုင်း ပြန်သွားရင်တော့ သမ္မတ ဦးသိန်းစိန် လက်ထဲမှာ လူထုတွေဟာ အချိန်မရွေး ပြန်ဖမ်းလို့ရတဲ့ အနေအထားကို ရောက်သွား နိုင်တယ်”

ဒါ့ပြင် ပြည်ပကနေ ပြန်သွားတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အချိန်မရွေး ပြန်လည် ဖမ်းဆီးခံရနိုင် တာကြောင့် နိုင်ငံသား အားလုံးအတွက် တရားဥပဒေ စိုးမိုးရေးကို အာမခံချက် ရှိအောင် ဖိနှိပ်မှု ယန္တရားတွေ၊ ဥပဒေတွေ ပြုပြင် ပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အကြီးအကဲ ဦးအောင်ထူးက ပြောပါတယ်။

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြန်လာရေးနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်ရဲ့ ဥပဒေအကြံပေး အဖွဲ့ခေါင်းဆောင် ရဲမှူးကြီးဟောင်း ဦးစစ်အေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-09-13 17:53

အထဲကအတိုက်အခံတွေတောင် ပြန်မထုတ်ပေးဘဲနဲ့များ။ ဒီလိုစကားမျိုးတွေပြောထွက်သေးတယ်။

Anonymous
2011-09-13 04:09

ဟုတ်ပါ့မလားမောင်ကာလုရယ်...တော်ကြာကြားထဲကအဟုတ်မှတ်ပြီးတော့ပြန်တဲ့သူတွေအချောင်ဒုက္ခရောက်နေပါ့မယ်..သေချာမှလဲလုပ်ကြပါအုံးဗျာ.......