တိုင်းရင်းသားဒေသနဲ့ ပြည်ပရောက်နေသူတွေကို ပြန်လာဖို့ စစ်ကောင်စီဖိတ်ခေါ်

RFA Burmese
2025.01.03
တိုင်းရင်းသားဒေသနဲ့ ပြည်ပရောက်နေသူတွေကို ပြန်လာဖို့ စစ်ကောင်စီဖိတ်ခေါ် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။
RFA

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေနဲ့ ပြည်ပနိုင်ငံတွေကို အကြောင်းအမျိုးမျိုးကြောင့် သွားရောက်တိမ်းရှောင်နေတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာနိုင်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတစ်ဝန်းက နေရပ်စွန့်ခွာတိမ်းရှောင်နေရတဲ့ နိုင်ငံသားတွေ ရောက်ရှိနေရာတွေကနေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်နိုင်ဖို့ စီမံဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်း ကျောင်းသားကျောင်းသူတွေ၊ လူငယ်လူရွယ်၊ နိုင်ငံ့ဝန်ထမ်း စတဲ့ မြန်မာနိုင်ငံသားတွေဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့နေရာတွေနဲ့ ပြည်ပနိုင်ငံတွေကို စိုးရိမ်စိတ်နဲ့ တိမ်းရှောင်သွားကြတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်တဲ့ ဗိုလ်ကြီးဇင်ယော်ကတော့ စစ်ကောင်စီပြောသမျှ ယုံစရာ မရှိဘူးလို့ ပြောပါတယ်။

"စစ်ကောင်စီပြောတဲ့စကားကတော့ ယုံလို့တော့မရပါဘူး၊ အခုက အကြမ်းဖက်လို့လည်းမရဘူး၊ အချိုသတ်ပြီး ပြန်လုပ်တယ်ပေါ့၊ အထူးသဖြင့် တစ်ဖက်မှာ စိတ်ဓာတ်မခိုင်မာတဲ့အနေအထားပေါ့နော် အဲဒီအတွက်လည်း အခက်အခဲတွေရှိနေကြတယ်၊ အချင်းချင်းပွတ်တိုက်မှုတွေကြုံနေရတယ်ဆိုတာလည်း စကစအနေနဲ့ ကောင်းကောင်း ရိပ်စားမိသွားတဲ့သဘောမျိုး၊ ဒါမျိုးကတော့ မယုံပါဘူး၊ စစ်ကောင်စီပြောသမျှကတော့ ယုံစရာအကြောင်းမရှိဘူး"

စစ်တပ်အာဏာ သိမ်းယူထားတဲ့အချိန်အတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်း ဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းတွေနဲ့ ပြည်သူအချို့ကို အုပ်စုဖွဲ့ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု၊ အစိုးရပိုင်အဆောက်အဦတွေနဲ့ ပုဂ္ဂလိကပိုင်အဆောက်အဦတွေကို ဖျက်ဆီးမှု၊ တော်လှန်ရေး အဖွဲ့ အစည်းတွေရဲ့ လက်နက်ကိုင်လှုပ်ရှားမှုတွေမှာ ငွေကြေးအရဖြစ်စေ၊ အခြားနည်းလမ်းနဲ့ ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံမြောက် ပါဝင်သူတွေကလွဲလို့ စိုးရိမ်စိတ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ နယ်ပယ်အသီးသီးက နိုင်ငံသားတွေကို သက်ညှာပြီး စဉ်းစားပေးသွားမယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ပြစ်မှုကျူးလွန်ထားသူတွေကလွဲပြီး စိုးရိမ်စိတ်ကြောင့် တိမ်းရှောင်နေရသူတွေအနေနဲ့ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံ မိမိနေရပ်ကို ပြန်လည်ဝင်ရောက်ချင်တယ်ဆိုရင် နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတွေကို ဆက်သွယ်နိုင်သလို ပြည်ပရောက်သူတွေကတော့ သက်ဆိုင်ရာသံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတွေကို ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပနိုင်ငံတွေကို လူငယ်တွေ အများအပြားထွက်ခွာကြပါတယ်။

ပြီးခဲ့တဲ့၂၀၂၃ ခုနှစ် မတ်လကလည်း နေပြည်တော်မှာကျင်းပခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ ပြည်ပရောက် နိုင်ငံသားအမြောက်အမြားရှိပြီး သူတို့ကိုပြန်လာနိုင်အောင် အစိုးရအဖွဲ့က လုပ်ဆောင်ပေးရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်ကလည်း ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်လာဖို့ စစ်ကောင်စီက တိုက်တွန်းခဲ့ပါသေးတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။