ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းသာ မြန်မာငွေလဲဖို့ စစ်ကောင်စီပြင်ဆင်

RFA Burmese
2023.12.07
ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းသာ မြန်မာငွေလဲဖို့ စစ်ကောင်စီပြင်ဆင် ရန်ကုန်မြို့ ကြည့်မြင်တိုင် Asia World ဆိပ်ကမ်းမှ ကုန်သေတ္တာများအား ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
RFA

ပို့ကုန်ကရမယ့် နိုင်ငံခြားငွေတွေရဲ့ ၃၅ ရာခိုင်နှုန်းကို မြန်မာ ကျပ်ငွေနဲ့ လဲလှယ်ရမယ်လို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်က ဒီဇင်ဘာ ၆ ရက်နေ့မှာ ပြင်ဆင်လိုက်ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလတုန်းက ၆၅ ရာခိုင်နှုန်း၊ ဇူလိုင်လမှာ ၅၀ ရာခိုင်နှုန်းကို သတ်မှတ်ဒေါ်လာဈေး ၂၁၀၀ ကျပ်နဲ့ စစ်ကောင်စီက မဖြစ်မနေ လဲလှယ်ခိုင်းခဲ့တာပါ။

ဒီသတ်မှတ်ချက်ကြောင့် ပို့ကုန် လုပ်ငန်းရှင်တွေရဲ့ ရငွေတွေဟာ ပြင်ပ တန်ဖိုးအတိုင်းမရဘဲ စစ်ကောင်စီ ဒေါ်လာဈေးနဲ့ လဲလှယ်ပေးနေရတာ ဖြစ်ပါတယ်။

အခုတော့ ၃၅ ရာခိုင်နှုန်းသာ လဲလှယ်ပေးရမယ့် အခြေအနေမို့ အကောင်းဘက် ရောက်လာတာလို့ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပါတယ်။

"၆၅-၃၅ ကိုတော့ ကျွန်တော်တို့ ကြိုဆိုရမှာပေါ့ဗျာ။ ဒါက အကောင်းဘက်ကို ပြန်လှည့်လာတယ်လို့ ဆိုရမှာပေါ့။ သူတို့ (မလုပ်) မနိုင်တော့တာလည်း ဖြစ်နိုင်တာပေါ့။ ပို့ကုန်သမားတွေအတွက် အားသာချက် အခွင့်အလမ်းတွေ ဖြစ်လာနိုင်တယ်"

ပို့ကုန်ရငွေ လဲလှယ်ပေးပြီး ကျန်တဲ့ နိုင်ငံခြားငွေ တွေကိုတော့ အရင်အတိုင်းပဲ အွန်လိုင်းစနစ်နဲ့ ပြင်ပပေါက်ဈေးအတိုင်း ရောင်းချခွင့်ရမှာပါ။

ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း စစ်ကောင်စီဟာ ဒေါ်လာဈေး ၂၁၀၀ သတ်မှတ်ထားရာကနေ ပြင်ပပေါက်ဈေးအတိုင်း ရောင်းဝယ်ခွင့် ပြန်ပေးလိုက်ပါတယ်။

ဒါတွေဟာ ပို့ကုန်ပမာဏ ပိုတိုးမြင့်စေဖို့နဲ့ ဖြေလျှော့မှုပေးတဲ့ အနေနဲ့ လုပ်ဆောင်တာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ကောင်စီရဲ့ ဒီဇင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။