ကုန်သွယ်ရေးကောင်စီဖျက်ပြီးနောက်ပိုင်း ပို့ကုန်တန်ဖိုးနှုန်း အနည်းငယ်မြင့်တက်
2011.04.27

အရင်ကဆိုရင် လိုင်စင်ရဖို့အတွက် အနည်းဆုံး နှစ်ပတ်သုံးပတ် စောင့်ဆိုင်းရတယ်လို့ ဆိုပါတယ်။
အခု ကုန်သွယ်ရေးကောင်စီမရှိတာကြောင့် တပတ်အတွင်းလောက်နဲ့ သွင်းကုန်ထုတ်ကုန် လုပ်ငန်းစနိုင်မယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ကြတာပါ။ အခု ပို့ကုန်တန်ဖိုး (Export Earning) တက်လာတဲ့အကြောင်းရင်းမှာ ဒီအရှိန်ကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန် ကုမ္ပဏီပိုင်ရှင်တဦးက ပြောပါတယ်။
“အဲဒီ အရှိန်ကြောင့် အခု ကျွန်တော်တို့ export earning ဈေးတက်လာတယ်လို့ ကျွန်တော်တို့က ကောက်ချက်ချတယ်။ ဒေါ်လာဈေးက ကျနေတယ်။ ဒေါ်လာဈေးက ကျွန်တော်တို့ အခု ၈၅၀ ပတ်ဝန်းကျင်မှာပဲ ရှိတယ်။ ဒါပေမဲ့ export earning က အခု ဒီနေ့ဆိုရင် ကိုးရာ နှစ်ဆယ် အစိတ်လောက်အထိ တက်လာတယ်။ ဆိုတော့ နဂိုတုန်းက ၈၉၅ လောက်ကနေ တက်လာတာ။ အဲဒါကတော့ လက်ရှိ အပြောင်းအလဲကြောင့် ကုန်သွယ်ရေး ဒီ မူဝါဒ ကောင်စီပေါ့နော်၊ TC ဖျက်လိုက်တဲ့ ဟာရဲ့ ဂယက်လို့တော့ ထင်တယ်။”
ဒါပေမဲ့လည်း ပို့ကုန်တန်ဖိုး တက်လာတာဟာ ရေရှည်တော့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ အဲဒီ ကုမ္ပဏီပိုင်ရှင်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ဝယ်လိုအား ကျဆင်းနေတာကြောင့် သွင်းကုန်တွေ တက်လာဖို့ အနေအထား မရှိတာဟာ စီးပွားရေးကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
အခုဖျက်သိမ်းလိုက်တဲ့ ကုန်သွယ်ရေးကောင်စီကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် ဝန်းကျင်လောက်မှာ နအဖ စစ်အစိုးရခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးက ဦးဆောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။