လယ်သမားတွေကို ဆန္ဒပြခွင့်ပြု

ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) က လယ်ယာမြေ အဓမ္မ သိမ်းယူခံထားရတဲ့ လယ်သမားတွေကို သက်ဆိုင်ရာက ဆန္ဒပြခွင့် မနေ့က ပေးလိုက်ပြီလို့ သိရပါတယ်။

2012.07.17
lawyer-pho-pyu-b305 ၂၀၁၂ ခုနှစ် ဇွန်လ ၂၂ ရက်က လယ်ယာမြေ အငြင်းပွားမှု ဖြစ်နေသည့် ဒဂုံဆိပ်ကမ်းမြို့နယ် လေးထောင့်ကန် လယ်သမားများနှင့် ရှေ့နေ ကိုဖိုးဖြူတွေ့ဆုံ ဆွေနွေးနေစဉ်။
RFA

လူ (၉၀၀) ကျော် ပါဝင်ဆန္ဒပြဖို့ လျှောက်ထားခဲ့ပေမယ့် လူ (၃၀၀) ကျော်လောက်ပဲ ခွင့်ပြုချက် ရရှိခဲ့တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင်မယ့် ရှေ့နေဦးဖိုးဖြူက ပြောပါတယ်။

"၁၇ ရက်နေ့ မနက် ၁၀ နာရီ ၄၅ လောက်မှာ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ ဆန္ဒပြခွင့် လိုင်စင်ကို ထုတ်ပေးလိုက်တယ်။ ဥပဒေအခေါ် အရတော့ ခွင့်ပြုမိန့်ကို ထုတ်ပေးလိုက်တယ်။ လယ်သမားတွေ လျှောက်ထားတာက လူကိုးရာနဲ့ ဆန္ဒပြခွင့်ကို လျှောက်ထားတယ်။ မြို့နယ်ရဲတပ်ဖွဲ့မှူးက စစ်တာပြုတာနဲ့ နောက်ဆုံး လူ ၃၀၆ ဦးပဲ တင်ကျန်တော့တယ်"

လာမယ့်ဇူလိုင် (၂၀) ရက်နေ့ မနက် (၁၁) နာရီကနေ နေ့လည် (၁) နာရီအထိ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဦးအောင်သန်းဦးပိုင်တဲ့ ပင်လယ်ကိုးသွယ် ကုမ္ပဏီရှေ့မှာ ဆန္ဒပြကြမှာ ဖြစ်တယ်လို့ သိရတယ်။

ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) က လယ်ယာမြေ အဓမ္မ သိမ်းယူခံထားရတဲ့ လယ်သမားတွေ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေး အပါအဝင် နိုင်ငံတဝှမ်းမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည် ခွဲဝေပေးရေးဆိုင်ရာ ဥပဒေ တရပ် အမြန်ဆုံး ပေါ်ပေါက်ရေးအတွက် ဒီဆန္ဒပြပွဲမှာ တောင်းဆိုသွားမှာ ဖြစ်တယ်လို့လည်း ဦးဖိုးဖြူက ပြောပါတယ်။ ဒဂုံမြို့သစ် (ဆိပ်ကမ်းမြို့နယ်) အတွင်း လယ်ယာမြေ ဧက တစ်သောင်းကျော်ကို ကုမ္ပဏီ (၁၆) ခုက သိမ်းယူထားတယ်လို့ သိရပါတယ်။

ဒီအတောအတွင်း လယ်ယာမြေ (၅၆၅) ဧက အသိမ်းခံထားရတဲ့ လပွတ္တာမြို့နယ် ညောင်လိမ်ကျေးရွာနဲ့ သဲဖြူကုန်း ကျေးရွာက တောင်သူလယ်သမား (၁၅၆) ဦးကလည်း လာမယ့် ဇူလိုင် (၂၄) ရက်နေ့မှာ လပွတ္တာမြို့နယ် သကျမဟာရစိန် ဆုတောင်းပြည့်ဘုရား ရှေ့ကွင်းအတွင်းမှာ သူတို့ရဲ့ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် တောင်းဆို ဆန္ဒပြဖို့ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းမှာ ဒီကနေ့ စာတင်လိုက်တယ်လို့ တောင်သူ လယ်သမားအရေး ကူညီဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဖိုးဖြူက ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။