လယ်သမားများ လယ်ပိုင်ခွင့်ရှိပြီလို့ စိုက်ပျိုးရေး ဒုဝန်ကြီး ပြောကြား


2014.03.07
nargis_farmer_305px.jpg လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ
Photo: AFP

မြန်မာနိုင်ငံမှာ တောင်သူတွေအနေနဲ့ လယ်ယာမြေဥပဒေ၊ နည်းဥပဒေတွေအတိုင်း လယ်ယာမြေလုပ်ပိုင်ခွင့်တွေ ရရှိထားပြီးဖြစ်ကြောင်း အစိုးရက ဒီကနေ့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေပါ ခံစားခွင့်တွေအတိုင်း တောင်သူ လယ်သမားတွေ အကျိုးခံစားခွင့်ရှိအောင် ဆောင် ရွက်ပေးဖို့ အစိုးရအနေနဲ့ အစီအစဉ် ရှိ၊ မရှိ ရေစကြို မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဌေးအောင်ရဲ့ မေးမြန်းမှုကို လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်းက အခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

"၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နည်းဥပဒေ ပြဌာန်းချက်များနဲ့အညီ တောင်သူများ အကျိုးခံစားခွင့် ရရှိရေးအတွက် ဗဟိုလယ်ယာမြေ စီမံကိန်းအဖွဲ့ရဲ့ ကြီးကြပ်လမ်းညွှန်မှု တိုင်းဒေသကြီး ပြည်နယ် လယ်ယာမြေ အဖွဲ့အသီးသီးက အထူးကြပ်မတ် ဆောင်ရွက်ပေးလျှက်ရှိပါကြောင်းနဲ့ တောင်သူများ အနေဖြင့် လယ်ယာမြေဥပဒေ နည်းဥပဒေများနဲ့အညီ လယ်ယာမြေ လုပ်ပိုင်ခွင့်များရရှိပြီဖြစ်၍ လယ်ယာမြေတန်ဖိုးများ ယနေ့အချိန်အခါမှာ တက်လာကာ အကျိုးကျေးဇူးများ ခံစားခွင့်များ ရရှိနေပြီဖြစ်ကြောင်း ရှှုင်းလင်းဖြေကြားအပ်ပါတယ်"

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေမှာ တောင်သူတွေဟာ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိဖို့ သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကတစ်ဆင့် တင်ပြလျှောက်ထားနိုင်ပြီး သတ်မှတ်ချက်တွေနဲ့ညီရင် လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် ရရှိရမှာဖြစ်တယ်လို့ ပါရှိပါတယ်။

ဒါ့အပြင် သိမ်းယူထားတဲ့ လယ်ယာမြေတွေနဲ့ အစိုးရက အကောင်အထည်ဖော်တဲ့ လယ်ယာမြေတွေမှာ တောင်သူတွေလုပ်ကိုင်ချင်ရင် ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ရဲ့ သဘောတူညီချက်နဲ့ မြို့နယ်ဦးစီးဌာနရုံးမှာ လယ်ယာမြေလုပ်ပိုင်ခွင့်တင်ပြပြီး သတ်မှတ်ချက်တွေနဲ့ ညီညွတ်ရင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ထုတ်ပေးရမှာ ဖြစ်တယ်လို့လည်း ဥပဒေမှာ ပါရှိပါတယ်။

တောင်သူလယ်သမားတွေ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိဖို့ လျှောက်ထားရာမှာ အခက်အခဲတွေ ကြုံတွေ့နေရတာကြောင့် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ နည်းဥပဒေမှာပါတဲ့ အကျိုးခံစားခွင့်တွေကို တောင်သူတွေရရှိနိုင်ဖို့ ရည်ရွယ်ပြီး မေးမြန်းတာဖြစ်တယ်လို့ ဒီနေ့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဌေးအောင်က ပြောပါတယ်။

၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က အတည်ပြုပြဌာန်းခဲ့တာဖြစ်ပါတယ်။ပြီးခဲ့တဲ့၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကနေ ၂၀၁၄ ခုနှစ် မတ်လ ၃ ရက်နေ့အထိ တောင်သူ ၅ သန်းကျော်အတွက် လယ်လုပ်ကွက်ပေါင်း ၈ သန်းကျော် ထုတ်ပေးပြီးဖြစ်သလို ဆက်လက်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ်တွေထုတ်ပေးသွားမှာ ဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဖြေကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။