ဖယ်ဒရယ်အရေး ကြိုတင်ဆွေးနွေး ဖို့ KNU ခေါင်းဆောင် ပြောကြား
2016.07.02

ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်နိုင်ဖို့အတွက် တိုင်းရင်းသားတွေရဲ့ လိုလားချက်တွေကို ကြိုတင်တွေ့ဆုံဆွေးနွေး ဖို့ လိုအပ်တယ်လို့ ကရင်အမျိုးသား အစည်းအရုံး ဒုတိယ ဥက္ကဌ နော်စီဖိုးရာစိန်က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ "မြန်မာနိုင်ငံ ဖက်ဒရယ်စနစ်ဆိုင်ရာ အဓိက မူဝါဒဆွေးနွေး ပွဲ" မှာ နော်စီဖိုးရာစိန်က ပြောလိုက်တာဖြစ်ပါတယ်။
"ကျမတို့ တိုင်းရင်းသားဖက်က ဖက်ဒရယ်ပြည်ထောင်စု၊ ဘယ်လိုပုံစံ၊ ဘယ်လိုအချက်အလက်တွေ ဘာကို လိုချင်လဲဆိုတာ ပြင်ဆင်မှု လိုနေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲရောက်တဲ့အချိန်မှာပဲဖြစ်ဖြစ်၊ နိုင် ငံရေးဆွေးနွေးပွဲသွားတဲ့အခါမှာပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ကဖြစ်စေ၊ တိုင်းရင်းသားကိုယ်စားလှယ် နိုင်ငံရေးပါတီကပဲဖြစ်စေ၊ ကျမတို့အသံက တစ်သံတည်းဖြစ်နိုင် တယ်၊ ကျမတို့လိုလားချက်ကလည်း တစ်ခုတည်းဖြစ်တဲ့အပေါ်မှာ ကျမတို့မျှော်မှန်းနေတဲ့ ဖက်ဒ ရယ်ပြည်ထောင်စုကို ပိုပြီးတော့ ပုံဖော်နိုင်တယ်လို့ ကျမကမြင်တယ်"
ကြိုတင်ဆွေးနွေးပြီး ရရှိတဲ့အချက်အလက်တွေကို ပြည်သူလူထုကိုချပြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာမှာ ပြည်သူတွေကိုယ်တိုင်ပါဝင်လာဖို့ အရေးကြီးတယ်လို့လည်း နော်စီဖိုးရာစိန်က ပြောပါတယ်။
မူဝါဒဆွေးနွေးပွဲကို စည်းလုံးညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)နဲ့ တိုင်းရင်းသား လူမျိုးများရေးရာ စင်တာ (ENAC) တို့က ကျင်းပတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၃ဝ ရက်နေ့ကနေ ဒီနေ့အထိ ၃ ရက် ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆွေးနွေးပွဲနောက်ဆုံးနေ့ ဒီနေ့မှာ ၂၁ ရာစု ပင်လုံအကြိုပြင်ဆင်ရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကိုယ်စားလှယ် ဦးခူးရယ် တက်ရောက် ခဲ့ပြီး UNFC အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးခွင့် ရရှိအောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။