တနိုင်း-လီဒိုလမ်းဘေးက မြေဧက ၃ သောင်းခန့် ပြန်စွန့်လွှတ်ဖို့ ညွှန်ကြား


2018.08.21
ledo-road-622 တနိုင်း-လီဒို လမ်းကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တနိုင်း-လီဒို လမ်းဘေးဝဲယာတဝိုက်မှာ ကုမ္ပဏီနဲ့ လုပ်ငန်းရှင်တွေ သိမ်းယူထားတဲ့ မြေတွေထဲက မြေဧက ၃ သောင်းဝန်းကျင်ကို ပြန်လည်စွန့်လွှတ်ကြဖို့ ဗဟို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီက ညွှန်ကြားလိုက်ပါတယ်။

အဲဒီဒေသတဝိုက်က တောင်သူနဲ့ ဒေသခံပြည်သူတွေက မြေယာတွေ သိမ်းယူခံရတာနဲ့ ပတ်သက်ပြီး လွှတ်တော် မှာ မေးမြန်းတဲ့အခါမှာ အဲဒီလို ပြန်လည်စွန့်လွှတ်ဖို့ ညွှန်ကြားတာဖြစ်တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

"ကျနော် ဖားကန့် တစ်ခုတည်းတင်ကို ပြောတာပါခင်ဗျ။ နှစ်သောင်းရှစ်ထောင်ခုနှစ်ရာငါးဆယ့်နဲ့ ကိုးဧက။ အများဆုံးကတော့ ဒီတနိုင်းလမ်းတလျှောက်မှာရှိတဲ့ ယုဇန ကုမ္ပဏီပေါ့ဗျာ။ မြေယာတွေ ကို ပြန်လည်စွန့်လွှတ်ဖို့အတွက်ကို နိုင်ငံတော်ကနေ တရားဝင်ညွှန်ကြားထားတဲ့ကိစ္စဖြစ်ပါတယ်ခင်ဗျ။ ဥပဒေအရ ခွင့်ပြုဧရိယာအတွင်းမှာ ပယ်ဖျက်ခွင့်ရရှိပြီးမှသာလျင် အဲဒီမှာဝင်လုပ်နေတဲ့ တောင်သူ လယ်သမားတွေကလည်း ဆက်ပြီးတော့မှ လျှောက်ထားရမယ်ဆိုတဲ့အကြောင်းကို ကျနော့ဆီ ကို ဖြေထားတဲ့ဟာ ရှိပါတယ်ခင်ဗျ။"

ဖားကန့်မြို့နယ်အတွင်း ဒွန်ဘမ်၊ နောင်းမြီ စတဲ့ တနိုင်း-လီဒိုလမ်းတလျှောက်က ရွာတွေအပါအဝင် ကာမိုင်း၊ ကပ်မှော်ဇွပ်၊ နန့်ယား၊ ဆိပ်မူ  စတဲ့ရွာတွေက စိုက်ပျိုးမြေ၊ စားကျက်မြေတွေဟာ အခုစွန့်လွှတ်လိုက်တဲ့အထဲ ပါဝင်မှုရှိ မရှိကို မြေပြင်မှာ ပြန်လည်စိစစ်ရမှာဖြစ်ပါတယ်။

အဲဒီဒေသတဝိုက်မှာ မြေတွေသိမ်းယူထားတဲ့ ယုဇနကုမ္ပဏီ အပါအဝင် အဖွဲ့အစည်းနဲ့ လုပ်ငန်းရှင်အယောက် ၂၀ လောက်က မြေတွေကို ပြန်လည်စွန့်လွှတ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

အခုနှစ်ပိုင်းတွေအတွင်း ဝိုင်းမော်၊ မြစ်ကြီးနား၊ ဗန်မော်စတဲ့ မြို့နယ်တွေဘက်မှာလည်း တရုတ်တစ်သျှူး ငှက်ပျော တိုးချဲ့စိုက်ပျိုးလာမှုတွေကြောင့် မြေယာပြဿနာတွေဖြစ်ပွားနေကြာင်း ကချင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်တွေက မကြာခဏ အဆိုနဲ့ မေးခွန်းတွေ မေးမြန်းဆွေးနွေးလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။