လီဒိုလမ်းမှာ အချိန်မတော် မသွားလာဖို့ တနိုင်းဒကစမှူး အသိပေး


2017.07.08
lido-road-620.jpg ကချင်ပြည်နယ်က တနိုင်း-လီဒို လမ်းမကြီးကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

တပ်မတော်က နယ်မြေလုံခြုံရှင်းလင်းရေးတွေ ဆောင်ရွက်မှာဖြစ်တာကြောင့် ကချင်ပြည်နယ် တနိုင်း-လီဒို လမ်း တလျှောက်မှာ ညသန်းခေါင် အချိန်မတော် မသွားလာကြဖို့ တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဌာနချုပ်မှူးက အသိပေးလိုက်ပါတယ်။

နယ်မြေမတည်ငြိမ်တဲ့ အခုလိုကာလမျိုးမှာ ညဘက်အချိန်မတော် မသွားလာကြဖို့ ပြည်သူတွေ သတိပြုဆင်ခြင်လို့ ရအောင် အသိပေးတာလို့ ဝါရာဇွပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနော်ဒီး က ပြောပါတယ်။

"ညသန်းခေါင်သွားဖို့ မလုပ်ရဘူး။ အဲဒီလိုမျိုးပေါ့။ အခုနိုင်ငံရေးအခြေအနေ မကောင်းတဲ့အချိန်မှာတော့ ဒီဟာပြောတဲ့ဟာကျတော့ မသွားတာတော့ သင့်တော်ပါတယ်။ တကယ်တမ်း နိုင်ငံရေးအခြေအနေ ကောင်း ပြီးမှ တကယ်လည်း လွတ်လွတ်လပ်လပ် သွားလို့ရတဲ့အခြေအနေ မဟုတ်လို့လေ။ အခုက နိုင်ငံရေး အခြေအနေကလည်း ဘယ်အချိန်ဘယ်နေရာမှာ ဘာဖြစ်သလဲဆိုတာ မသိထားတော့ ကြိုတင်ပြီးမှ မသိထားတော့ ဒါကတော့ မသွားရင်တော့ အန္တရာယ်တော့ ကင်းတာပေါ့။ အခုက နိုင်ငံရေးအခြေအနေ မကောင်းတော့ ဒီလိုမျိုး အသိပေးအကြောင်းကြားပေးတာတော့ ကောင်းတာပေါ့။ တကယ်များ နိုင်ငံရေး အခြေအနေ ကောင်းပြီးမှ ဒီလိုမျိုး အဟန့်အတားရှိရင်တော့ ဒါက မကောင်းဘူးပေါ့"

ပုံမှန်အားဖြင့် ဒေသခံတွေဟာ နေ့ခင်းဘက်တွေမှာ သွားလာလုပ်ကိုင်လေ့ရှိကြပြီး ညသန်းခေါင် အချိန်မတော် သွားလာတာတွေမရှိကြောင်းနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေကို အသိမပေးဘဲ မသင်္ကာလို့ဆိုပြီး ဖမ်းဆီး စစ်ဆေးတာတွေမလုပ်ဖို့ တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်နေ့က တနိုင်း-လီဒိုလမ်းပေါ်က ဝါရာဇွပ်၊ နောင်းမြီ၊ ရှဒူးဇွပ် စတဲ့ကျေးရွာတွေနဲ့ တနိုင်းမြို့နယ်က အုပ်ချုပ်ရေးမှူးတွေ၊ သစ်တော၊ ရဲ စတဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ တနိုင်း ဒကစမှူးက အသိပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မယ့် အချိန်ကာလ အတိအကျကိုတော့ မသိရဘူးလို့ ပြောပါတယ်။

တနိုင်းမြို့နယ်က ကေအိုင်အေ တပ်မဟာ ၂ နဲ့ ထိစပ်နေတဲ့ မှော်နယ်မြေတွေမှာ နိုင်ငံတော်က အခွန်မရတဲ့ တရားမဝင် ရွှေနဲ့ ပယင်းလုပ်ငန်းတွေကို တပ်မတော်က နယ်မြေရှင်းလင်းရေး ဆောင်ရွက်မယ့်အကြောင်း ဇွန်လ ၅ ရက်နေ့က အသိပေးခဲ့ပြီးနောက်ပိုင်း အဲဒီဒေသဘက်မှာ နှစ်ဘက်စစ်ရေး တင်းမာနေတာပါ။

လက်ရှိ တနိုင်း-လီဒိုလမ်းပေါ်က ဝါရာဇွပ်၊ ဒွန်ဘုံးခ၊ လဝါး စတဲ့ ရွာတွေဘက်မှာ ဒေသခံတွေကို ထိခိုက်တဲ့ အထိ ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ပွားတာမရှိသေးပေမယ့် လူသွားလာမှု နည်းပါးနေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။