မြန်မာကိုပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းမယ်လို့ ဖင်လန်အစိုးရကြေညာ

RFA Burmese
2024.01.23
မြန်မာကိုပေးနေတဲ့ အကူအညီတွေ ရပ်ဆိုင်းမယ်လို့ ဖင်လန်အစိုးရကြေညာ ၂ဝ၂၁ ခုနှစ် ဧပြီလက ကရင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးလာကြရသော စစ်ဘေးဒုက္ခသည်များအား တွေ့ရစဉ်။
Photo: AFP

ဖင်လန်နိုင်ငံက မြန်မာနိုင်ငံကို ပေးနေတဲ့ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီတွေကို ရပ်ဆိုင်းတော့မယ်လို့ ဖင်လန်အစိုးရက ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အာဖဂန်နစ္စတန်၊ ကင်ညာနဲ့ မိုဇမ်ဘစ်နိုင်ငံတွေကို ဖင်လန်နိုင်ငံကပေးနေတဲ့ အကူအညီတွေကို ရပ်ဆိုင်းသွားမှာလို့ ဖင်လန်အစိုးရက ဇန်နဝါရီ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ အဲဒီနိုင်ငံတွေနဲ့ ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာချေးငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျှော့ချသွားမယ်လို့လည်း ပြောပါတယ်။

ဖင်လန်အစိုးရရဲ့ ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြီးခဲ့တဲ့ ဘတ်ဂျက်ကထက် ယူရိုသန်းတစ်ထောင့်သုံးဆယ်ကို ဖြတ်တောက်သွားမှာလို့ ဆိုပါတယ်။

အာရှမှာဆိုရင် အာဖဂန်နစ္စတန်နဲ့ မြန်မာနိုင်ငံတွေကို အကြီးမားဆုံး လျှော့ချသွားမှာဖြစ်ပြီး ဒီနှစ်နိုင်ငံလုံးက အစိုးရတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်တော့ဘူးလို့ ပြောထားပါတယ်။

ဖင်လန်နိုင်ငံရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းဖို့ RFA က ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံကို ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်လိုက်ပေမဲ့ ယူကရိန်းနိုင်ငံအတွက် လိုအပ်နေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ဆက်ပေးသွားမယ်လို့လည်း ဖင်လန်နိုင်ငံက ပြောထားပါတယ်။ သီးခြားဘတ်ဂျက်ကနေ ယူကရိန်းနိုင်ငံကို နှစ်စဉ်ယူရို ၅၈ သန်းထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။