KNU ထိန်းချုပ်နယ်မြေက ရေဘေးသင့်သူ လေးသိန်းနီးပါး အကူအညီလိုအပ်နေ
2024.09.29

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ တပ်မဟာ ခုနစ်ခုမှာရှိတဲ့ ရွာပေါင်း ၅၄၂ ရွာက လူပေါင်း လေးသိန်းနီးပါး (၃၈၀,၇၇၉ ဦး) ရေဘေးသင့်ခဲ့ပြီး အစားအစာ၊ သောက်သုံးရေနဲ့ သန့်ရှင်းရေး အထောက်အကူပြုပစ္စည်းတွေ အရေးပေါ်လိုအပ်နေတယ်လို့ KNU က စက်တင်ဘာလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
KNU ထိန်းချုပ်နယ်မြေမှာ မြို့နယ် ၂၇ ခုရှိတဲ့အနက် မြို့နယ် နှစ်ဆယ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ခဲ့ပြီး အထူးသဖြင့် သထုံခရိုင်၊ ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တို့မှာ ရေကြီးမှုဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတယ်လို့ KNU က ပြောပါတယ်။
ရေဘေးကြောင့် စပါးခင်းတွေ၊ သိုလှောင်ထားတဲ့ စားနပ်ရိက္ခာတွေ၊ ရေတွင်း၊ ရေကန်တွေနဲ့ သောက်သုံးရေ အရင်းမြစ်တွေ၊ အိမ်သာနဲ့ မွေးမြူရေးတိရစ္ဆာန်တွေ ထိခိုက်ဆုံးရှုံးရုံသာမက အဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် လယ်ယာသုံးပစ္စည်းကိရိယာတွေ၊ မိသားစုစားသုံးဖို့နဲ့ အသက်မွေးဝမ်းကြောင်းအတွက် အထောက်အကူဖြစ်စေဖို့ တစ်နိုင်တစ်ပိုင် မွေးမြူနိုင်မဲ့ တိရစ္ဆာန်တွေ၊ ရေတွင်း၊ ရေပိုက်လိုင်းစတဲ့ သောက်သုံးရေ အရင်းအမြစ်တွေနဲ့ ပြန်လည်အစားထိုး ပြင်ဆင်ဖို့အတွက် ပစ္စည်းကိရိယာ အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။
KNU နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အကူအညီပေးမယ်ဆိုရင်တော့ စစ်ကောင်စီရဲ့ တားဆီးမှုတွေရှိနေတာကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ပါ ညှိနှိုင်းဆောင်ရွက်သင့်ကြောင်းနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့အတွက်လည်း အသင့်ရှိတယ်လို့ KNU က ပြောပါတယ်။
စစ်ကောင်စီကတော့ ရေဘေးအကူအညီတွေကို ကန့်သတ်ပိတ်ပင်တာ မရှိဘူးလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
ရာဂီမုန်တိုင်းကြောင့် နိုင်ငံတစ်ဝန်းက လူပေါင်း တစ်သန်းခန့် ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးရေးပစ္စည်းတွေ၊ အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးဝန်ဆောင်မှု အကူအညီတွေ အချိန်မီမရခဲ့ရင် ပြန်လည်ထူထောင်ရေး နှေးကွေးမှာဖြစ်ပြီး အဲဒီဒေသတွေမှာ ရေရှည်အခက်အခဲတွေကို ဆက်ရင်ဆိုင်ရမယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။