မော်လူးမှာ လယ်ဧက ၅ဝဝဝ နီးပါး ရေနစ်မြုပ် ပျက်စီး
2015.07.24
စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးဒေသမှာ ဒီရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေ တာကြောင့် ကျေးရွာ ၂ဝ ကျော်က လယ်ဧက ၅ဝဝဝ နီးပါး ရေနစ်မြုပ်ပျက်စီးနေပါတယ်။
ဒီနေ့မနက်မှာ တံတားငါးစင်းနဲ့ နေအိမ် ၇ လုံး ရေထဲမျောပါသွားသလို အိမ်ခြေငါးရာလောက်ဟာလည်း ရေထဲ နစ်မြုပ်နေတယ်လို့ နောက်ဆုံးအခြေအနေတွေကို မော်လူးဒေသ စီးမော်ရွာသား ကိုဖုန်းက ပြောပါတယ်။
"အခြေအနေတော်တော်ဆိုးပါတယ်ဗျ မိုးက ၇ ရက်လောက်ရှိသွားပြီ၊ ဒီနေ့မနက်ပိုင် ၄ နာရီထိုး သဲသဲမဲမဲရွာတဲ့အခါကျတော့ ကျနော်တို့ မော်လူးဒေသပေါ့နော် ရေကကျနော်တို့ သက်တမ်းတလျှောက်မှာ အကြီးဆုံးဖြစ်နေပါတယ်၊ မော်လူးတံတား၊ မန္တလေး မြစ်ကြီးနားသွားတဲ့တံတားလည်း ကျိုးသွားတယ်၊ တံတားစုစုပေါင်းက ၅ စင်း၊ အိမ်က ၇ အိမ်ပေါ့ဗျာ ရေထဲမျောပါသွားတယ်၊ လယ်ဧကပေါင်းကတော့ စုစုပေါင်း ၅ဝဝဝ ဝန်းကျင်ကတော့ ရေလွှမ်းမိုးနစ်မြုပ်နေတာပဲ"
မော်လူးချောင်း၊ လေးတန်၊ ဟဲနုနဲ့ ပုန်းဟုန် စတဲ့ချောင်းတွေမှာ ရေကြီးရေလျှံနေတဲ့အတွက် အင်းတော်မြို့ နယ် မော်လူး၊ စီးမော်၊ ဟဲနု၊ မန်းကျည်းကုန်း၊ သူရောင်း၊ ပုန်းဟုန် စတဲ့ကျေးရွာ ၂ဝ ကျော်က နေအိမ်တွေ ရေ နစ်မြုပ်နေတာ ဖြစ်ပါတယ်။
အလားတူ ကချင်ပြည်နယ် ကာမိုင်းမြို့မှာလည်း အင်းတော်ချောင်းရေကြီးလို့ ကာမိုင်း၊ မအူပင်၊ လွယ်ဆိုင်၊ ကထန်ယန် စတဲ့ကျေးရွာတွေက ပျိုးခင်းအပါအဝင် စိုက်ပျိုးပြီး လယ်ဧက ၄ဝဝ လောက်ဟာ ရေနစ်မြုပ်နေပါတယ်။
ဒါ့အပြင် မိုးကောင်းမြို့မှာလည်း အခုလ ၁၆ ရက်နေ့ကစပြီး ရေနစ်မြုပ်နေတာကြောင့် အခုဆိုရင် စာသင်ကျောင်းတွေကို ပိတ်ထားရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။