တိုင်း ၃ တိုင်းမှာ လယ်ဧက တစ်သောင်း ရှစ်ထောင်ကျော် ရေမြုပ်ပျက်စီး
2017.07.27
စစ်ကိုင်း၊ ပဲခူးနဲ့ ဧရာဝတီတိုင်းဒေသကြီးတွေမှာ ဇူလိုင်လဆန်းပိုင်းကနေ ၂၁ ရက်နေ့အထိ သုံးပတ်အတွင်း ရေ နစ်မြုပ်မှုကြောင့် လယ်ဧကပေါင်း ၁ သောင်း ၈ ထောင်ကျော် ပျက်စီးသွားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ပြောပါတယ်။
ပျက်စီးသွားတဲ့ လယ်ယာမြေတွေအတွက် ကူညီထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးတင့်ထွန်းက ပြောပါတယ်။
"ပျက်စီးတာကတော့ ဧက ၁ သောင်း ၈ ထောင်ကျော်ပေါ့နော်။ အဲဒီအတွက် လိုအပ်တဲ့မျိုး ပံ့ပိုးဖို့၊ စက်တွေဘာတွေနဲ့ ကူညီဖို့ စီစဉ်နေပါတယ်ခင်ဗျ၊ အားလုံး ပြည်နယ်နဲ့တိုင်း ၈ ခုပါ။ အများဆုံးကတော့ စစ်ကိုင်းရယ်၊ ဧရာဝတီရယ်၊ ပဲခူးရယ်ပါ။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာတော့ ရာဂဏန်းလောက်ပဲ ရှိပါတယ်။ သိပ်မများပါဘူး။ ကျနော်တို့ သတင်းရတာတော့ အခုနောက်ပိုင်းတော့ နည်းနည်း ထပ်တိုးတယ်လို့ ပြောပါတယ်။ ဧကစာရင်းတော့ မရသေးဘူးပေါ့နော်။ သတင်းတော့ရတာပေါ့။ အခု ဧကနည်းနည်းများလာတဲ့ သဘောတော့ရှိပါတယ်။ ဌာနအချင်းချင်း ချိတ်ဆက်မှုအရတော့ စုစုပေါင်း ဧရာဝတီဘက်မှာ ၅ သောင်းလောက်ဖြစ်လာပြီလို့ ကြားပါတယ်"
ဇူလိုင်လအတွင်းဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမှုတွေကြောင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ မကွေး တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက စိုက်ပျိုးမြေဧက ၈ သောင်းကျော် ရေနစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမှာ စိုက်ပျိုးမြေ ဧက ၃ သောင်းကျော်၊ ပဲခူးတိုင်းဒေသကြီးမှာ ဧက ၂ သောင်း ၈ ထောင်ကျော်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ဧက ၁သောင်း ၈ ထောင်ကျော်တို့ ရေနစ်မြုပ် ခံရတာဖြစ်ပြီး အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စိုက်ပျိုးမြေဧက အနည်းငယ်စီ ရေနစ်မြုပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသတွေမှာ စက်တင်ဘာလအထိ ဆက်ပြီးမိုးကြီးတာတွေ၊ မြစ်ရေကြီးတာတွေ ဖြစ်နိုင် တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားပါတယ်။