နိုင်ငံခြားဘဏ်များ ပြည်တွင်း လုပ်ကိုင်ခွင့် လျှောက်ထား
2014.07.14

ဒီနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ နိုင်ငံခြား ဘဏ်တချို့ ကို ငွေကြေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုမယ်လို့ ကြေညာ ထားတဲ့အတိုင်း၊ လုပ်ငန်းလိုင်စင် လျှောက်ထားတဲ့ နိုင် ငံခြားဘဏ်တွေ အများအပြားရှိနေကြောင်း Banking Business Review သတင်းက ဖော်ပြပါတယ်။
လုပ်ငန်းလိုင်စင်လျှောက်ထားဖို့ နောက်ဆုံးရက်ဖြစ်တဲ့ မနေ့ကအထိ မြန်မာနိုင်ငံတွင်းမှာ ကိုယ်စားလှယ်ရုံးတွေ လာရောက်ဖွင့်လှစ်ထားကြတဲ့ နိုင်ငံခြားဘဏ်ပေါင်း ၄၂ ခု ထဲကသုံးပုံနှစ်ပုံ လောက် လုပ်ကိုင်ခွင့် လိုင်စင်လျှောက် ထားခဲ့ကြတယ်လို့ အစိုးရအရာရှိတစ်ဦးကို ကိုးကား ပြီးဖော်ပြပါတယ်။
လုပ်ငန်းလိုင်စင်လျှောက်ထားခဲ့တဲ့ ဘဏ်တွေထဲမှာ ဂျပန် မစ်ဆူဘီရှီ၊ UFJ Financial Group၊ ဆူမီတိုမို မစ်ဆူအီ Financial Group၊ မစ်ဇူဟို Financial Group တို့ပါဝင်ကြောင်း သိရပါတယ်။
ရန်ကုန်မှာ ကိုယ်စားလှယ်ရုံးတွေ ဖွင့်ထားတဲ့ ဘဏ်တွေထဲမှာ ထိုင်း၊ စင်္ကာပူ၊ တောင်ကိုရီးယား နဲ့ တရုတ် နိုင်ငံတွေက ဘဏ်တွေပါဝင်ပါတယ်။ အလားတူ ကိုယ်စားရုံးဖွင့်ထားပြီးဖြစ်တဲ့ Standard Chartered နဲ့ ANZ ဘဏ်တွေကတော့ လုပ်ငန်းလိုင်စင်လျှောက်မလျှောက် ဖြေဆိုဖို့ ငြင်းဆိုပါတယ်။
လုပ်ငန်းလုပ်ခွင့်ရတဲ့ နိုင်ငံခြားဘဏ် အနေနဲ့ မြန်မာနိုင်ငံမှာ ဘဏ်ခွဲတစ်ခုသာ ဖွင့်လှစ်ခွင့်ရမှာဖြစ်ပြီး၊ အနည်းဆုံး အမေရိကန်ဒေါ်လာ ၇၅ သန်းရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။
ဒီအတွင်း စင်္ကာပူအခြေစိုက် WE ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ အီလက်ထရွန်းနစ် ပစ္စည်းတွေ လာရောက် ရောင်းချဖို့ ပြင် ဆင်နေပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့လက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁၇၆ သန်းရှိခဲ့တယ်လို့ New Europe သတင်းက ဖော်ပြပါတယ်။ နိုင်ငံရဲ့ စုစုပေါင်း စာချုပ်ချုပ်ထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ဒေါ်လာ ၄၆.၇ ဘီလျံ ရှိတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေ စတင်ခဲ့ရာက အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူ ထား တာတွေ ဖြေလျှော့လိုက်ပြီးတဲ့နောက်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အထိုက်အလျောက် ဝင်ရောက် လာခဲ့ပေမဲ့ ၊ မျှော်မှန်း ထားသလောက် ဝင်မလာသေးပဲရှိနေပါတယ်။ ဝင်လာသမျှကလည်း ကုန်ထုတ်လုပ်ငန်း တွေမှာထက် ရေနံ ၊ ဓါတ်ငွေ့၊ သတ္တု ၊ ကျောက်မျက်၊ သစ် စတဲ့သဘာ၀ သယံဇာတ ကုန်ကြမ်းတွေ ရှာဖွေ ထုတ်ယူတဲ့ လုပ်ငန်းတွေမှာသာ အများဆုံးဝင်ရောက်နေပါတယ်။