လူ့အခွင့်အရေးချိုးဖောက်မှု မြန်မာမှာ အများဆုံးဖြစ်ခဲ့
2023.06.22

၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်အတွင်း အာရှ ၂၂ နိုင်ငံမှာ လူ့အခွင့်အရေး ခုခံကာကွယ်သူတွေကို လူ့အခွင့်အရေးချိုးဖောက်မှု ၁၆ဝဝ ကျော် ရှိပြီး မြန်မာနိုင်ငံမှာ အများဆုံး ချိုးဖောက်ခံရတယ်လို့ Forum- Asia က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံပြီးရင် ထိုင်းနဲ့အိန္ဒိယက ဒုတိယနဲ့ တတိယလိုက်တယ်လို့ ပြောပါတယ်။ အာရှလူ့အခွင့်အရေးနဲ့ တိုးတက်ရေးအဖွဲ့ (Forum- Asia) က နှစ်နှစ်တစ်ကြိမ် အစီရင်ခံစာ ထုတ်ပြန်နေတာဖြစ်ပြီး ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့ နှစ်နှစ်က အခြေအနေကို ပြောလိုက်တာပါ။
လူ့အခွင့်အရေး ခုခံကာကွယ်သူတွေရဲ့ မိသားစုတွေ၊ အဖွဲ့အစည်းတွေနဲ့ အသိုင်းအဝိုင်းတွေ အပါအဝင် လူ့အခွင့်အရေး ခုခံကာကွယ်သူ အနည်းဆုံး ၄၄၅၀ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ပြောပါတယ်။
နိုင်ငံတစ်ခုချင်းစီ သီးခြားခွဲပြီး ပြောမထားဘဲ အာရှ ၂၂ နိုင်ငံမှာ ဖြစ်ခဲ့တာတွေကို ပြောထားတာပါ။
နိုင်ငံအဆင့် တစ်နည်းပြောရရင် အုပ်ချုပ်သူတွေနဲ့ အစိုးရမဟုတ်သူတွေက လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တယ်လို့လည်း ဆိုပါတယ်။
ဒီမိုကရေစီရေးလိုလားသူတွေ အများဆုံး ပစ်မှတ်ထားခံရပြီး သူ့နောက်မှာ အမျိုးသမီး လူ့အခွင့်အရေးအကာကွယ်ခုခံသူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတယ်လို့လည်း ဖော်ပြထားပါတယ်။